၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်က အမျိုးသားနိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဉ်းသားစုစုပေါင်း ၅၀၀ ခန့်ကို ဒီနေ့မနက်ပိုင်းမှာ သာယာဝတီအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေက ပြောင်းရွှေ့ခံရမယ့် အကျဉ်းသားတွေရဲ့ အမည်စာရင်းကို တရက်ကြိုတင်ခေါ်ယူခဲ့ပြီး ခြေချင်းခတ်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ဇူလိုင် ၂၃ ရက် မနက် ၃ နာရီခွဲဝန်းကျင်မှာ ၁၂ ဘီးယာဉ် ခုနစ်စီးနဲ့ သာယာဝတီအကျဉ်းထောင်ဆီ ရုတ်တရက်ခေါ်ဆောင်သွားတာလို့ PPNM က ပြောပါတယ်။
ထောင်ပြောင်းရွှေ့ချိန်မှာ အကျဉ်းသားတဦးကို စောင်သုံးထည်နဲ့ အဝတ်အစားတစုံသာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ကိုယ်ပိုင်ပစ္စည်းတွေနဲ့ မိသားစုက ပေးပို့ထားတဲ့ ထောင်ဝင်စာပစ္စည်းတွေကို အကျဉ်းထောင်အာဏာပိုင်တွေက သိမ်းဆည်းထားခဲ့တယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေကို ခြေချင်းခတ်တာ၊ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းတာနဲ့ မနက်အစောပိုင်းမှာ ရုတ်တရက် ထောင်ပြောင်းရွှေ့တာတွေဟာ အကျဉ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေ စနစ်တကျလုပ်ဆောင်နေတာဖြစ်တယ်လို့ PPNM က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့လည်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။


