Homeပြည်တွင်းသတင်းဆေးကုသခွင့် အလုံအလောက်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး သေဆုံးခဲ့

ဆေးကုသခွင့် အလုံအလောက်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး သေဆုံးခဲ့

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင် ၃၂ ခုမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦးအထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

PPNM က ကောက်ယူအတည်ပြုထားတဲ့ အချက်အလက်တွေအရ အခုသေဆုံးမှုတွေဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် မေလအထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသား ၈၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၃ ရာခိုင်နှုန်းနဲ့ LGBT တစ်ရာခိုင်နှုန်း ပါဝင်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၃၆ နှစ်ကနေ ၅၅ နှစ်ကြားရှိသူတွေ အများဆုံးပါဝင်ပြီး အသက် ၁၇ နှစ်အောက် ကလေးနဲ့ လူငယ်နှစ်ဦးအပြင် အသက် ၇၀ ကျော် နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ နှစ်အလိုက်ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ်မှာ သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပါတယ်။

အကျဉ်းထောင်အလိုက် သေဆုံးမှုမှာ အင်းစိန်အကျဉ်းထောင်က ၃၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အိုးဘိုအကျဉ်းထောင်က ၁၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒိုက်ဦးထောင်မှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကွေးထောင်မှာ ၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ သာယာဝတီထောင်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်း သေဆုံးခဲ့တယ်လို့ PPNM ရဲ့ အစီရင်ခံစာအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ နှလုံးရောဂါ၊ အသည်းပျက်စီးတာ၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေကြောင့် သေဆုံးမှု ၆၄ မှုနဲ့ အများဆုံးဖြစ်ပါတယ်။ အောက်ဆီဂျင်ပြတ်လပ်တာ၊ ကိုဗစ်-၁၉၊ သွေးဆိပ်သင့်တာနဲ့ တီဘီလို ကူးစက်တတ်တဲ့ စူးရှပြင်းထန်ရောဂါတွေကြောင့် သေဆုံးမှု ၁၆ မှုရှိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချိန် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးမှု ခုနစ်မှုရှိခဲ့တယ်လို့လည်း PPNM က ဆိုပါတယ်။ ဒါ့အပြင် အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အူအတက်ပေါက်တာလို အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်တဲ့ ရောဂါတွေ၊ ပြင်းထန်ဖျားနာတာနဲ့ အာဟာရချို့တဲ့တာတွေကြောင့်လည်း သေဆုံးခဲ့ကြရပါတယ်။

သေဆုံးခဲ့သူအများစုဟာ ထောင်ဒဏ်သုံးလကနေ ငါးနှစ်ကြား ချမှတ်ခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရဆဲ အချုပ်သားတွေဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအောက်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုအများဆုံးဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မ ၁၂၄၊ မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ တို့နဲ့ ဖမ်းဆီးခံထားရသူတွေလည်း ပါဝင်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၃၆၊ ၄၂၇ နဲ့ ၄၃၆ တို့နဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။ ထောင်တွင်းအချက်အလက် ပိတ်ဆို့ထားတာကြောင့် ဘယ်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံထားရတယ်ဆိုတာ မသိရှိရသေးတဲ့ သေဆုံးမှုက ၃၅ မှု၊ စုစုပေါင်းရဲ့ ၂၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ဒုတိယဦးစားပေးအဆင့်သာ သတ်မှတ်ထားတာနဲ့ အချိန်မီဆေးကုသခွင့် ကန့်သတ်ထားတာကြောင့် ကာကွယ်ကုသနိုင်တဲ့ ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ PPNM က ပြောပါတယ်။

Nelson Mandela Rules အရ အကျဉ်းသားတွေဟာ လူမှုအသိုင်းအဝိုင်းအတွင်း ရရှိနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တန်းတူတဲ့ စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှုမရှိဘဲ ရရှိရမှာဖြစ်ပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုရရှိနေတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောဆိုချက်တွေနဲ့ အခုတွေ့ရှိထားတဲ့ သေဆုံးမှုပုံစံတွေဟာ ဆန့်ကျင်နေတယ်လို့ PPNM က ထောက်ပြပါတယ်။

အချိန်မီဆေးကုသခွင့် ပိတ်ဆို့ထားတာကြောင့် ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်အုပ်စု၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေမှာ တိုက်ရိုက်တာဝန်ရှိပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံရမယ်လို့ PPNM က ပြောပါတယ်။

အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ PPNM က အတည်ပြုနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေကိုသာ အခြေခံထားတာဖြစ်ပြီး ထောင်တွင်းသတင်းအချက်အလက် ပိတ်ဆို့ထားတာကြောင့် မြေပြင်မှာ အမှန်တကယ်သေဆုံးသူ ဒီထက်ပိုများနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

Related News

Most Read