၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ရန်ကုန်တိုင်းမှာ အနည်းဆုံး လူ ၄၁၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network (RSN) ရဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူ ၄၁၃ ဦးထဲက ၁၀၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ၈၈ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန် ၂၂၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ RSN က ပြောပါတယ်။
အစီရင်ခံစာအရ ဖမ်းဆီးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နေအိမ်လိပ်စာအတိအကျ ရှာဖွေဖမ်းဆီးတာ၊ လမ်းပေါ်မှာ ရမ်းသမ်းလိုက်လံဖမ်းဆီးတာ၊ ဧည့်စာရင်းစစ်ဆေးတာ၊ ဖုန်းစစ်ဆေးတာနဲ့ မသင်္ကာလို့ ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ စစ်တပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ ပတ်သက်တဲ့ ပို့စ်တွေ တင်တာ၊ နှင်းဆီပန်းပန်တာနဲ့ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လမ်းပေါ်မှာ ရမ်းသမ်းလိုက်လံဖမ်းဆီးခံရသူ ၂၁၁ ဦးအထိရှိခဲ့ပြီး အဲဒီထဲက ၅၁ ဦးကို စစ်မှုထမ်းဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေထဲက ၂၉ ဦးဟာ စစ်မှုထမ်းသင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။
မြို့နယ်အလိုက်ကြည့်ရင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ရန်ကုန်တိုင်းက မြို့နယ် ၂၈ ခုမှာ ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပြီး သာကေတ၊ လှိုင်၊ တောင်ဒဂုံ၊ ဗဟန်း၊ တာမွေနဲ့ လှိုင်သာယာမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
RSN ရဲ့ အဆိုအရ ဖမ်းဆီးခံရသူတွေထဲက အနည်းဆုံး ၁၂၀ ဦးဟာ စစ်မှုထမ်းသင်တန်းတက်ရောက်စေဖို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီထဲက ၆၂ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းတွေဆီ ပို့ဆောင်ခဲ့တာ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
RSN က ဒီကိန်းဂဏန်းတွေဟာ အဖွဲ့အနေနဲ့ လက်လှမ်းမီသလောက် စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဒီထက်ပိုမိုဆိုးရွားနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
လတ်တလော အာဇာနည်နေ့ နီးကပ်လာတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်ထားသလို ဇူလိုင် ၁၉ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်ဆင်နွှဲဖို့ လှုံ့ဆော်ချက်တွေ ရှိနေတာကြောင့် မြို့နယ်အတော်များများမှာ ဧည့်စာရင်းစစ်ဆေးတာတွေ ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်လာတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။


