၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ သက်ကြီးပိုင်းမိခင်ကို ယောဂီဝတ်စုံဝတ်စေပြီး စားသောက်ဆိုင်တွေမှာ ငွေဖလားနဲ့ လိုက်လံအလှူခံခိုင်းခဲ့တဲ့ သားဖြစ်သူကို အရေးယူဖို့ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကို ခေတ္တထိန်းသိမ်းထားတယ်လို့ ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ထံက သိရပါတယ်။
ဇူလိုင် ၈ ရက် ညပိုင်းက ၆၂ လမ်းနဲ့ အမည်မဖော်ပြထားတဲ့ လမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ စားသုံးနေသူတွေဆီ သင်္ကန်းဝတ်ပုဂ္ဂိုလ်တဦး ဝင်ရောက်အလှူခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ချမ်းအေးသာစံမြို့နယ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဆောင်တဲ့ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ ဆရာတော်တွေက အဲဒီဆိုင်နဲ့ နီးစပ်ရာဆိုင်တွေကို နှစ်ညဆက်တိုက် သွားရောက်စစ်ဆေးခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇူလိုင် ၈ ရက် ညပိုင်းမှာတော့ ယောဂီအဝတ်အစားဝတ်ပြီး ငွေဖလားကိုင်ကာ လှည့်လည်အလှူခံနေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတဦးကို တွေ့ရှိခဲ့တာကြောင့် ခေါ်ယူစစ်ဆေးခဲ့ရာ သားဖြစ်သူက အလှူခံမယ့်နေရာတွေကို ဆိုင်ကယ်နဲ့ လိုက်ပို့ပြီး မိခင်ဖြစ်သူကို ဆိုင်တွေမှာ အလှူခံခိုင်းနေတာဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
“သားဖြစ်သူက အလှူခံမယ့်နေရာကို ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ သူက တနေရာမှာ ထိုင်စောင့်တယ်။ မိခင်ဖြစ်သူကို စားသောက်ဆိုင်တွေမှာ အလှူခံခိုင်းတာ ဖြစ်ပါတယ်။ ဒီသားအမိနှစ်ယောက်ကို ချမ်းအေးသာစံမြို့နယ်အတွင်းမှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ခန့်က အခုလို အလှူခံမှုကြောင့် ခေါ်ယူဆုံးမပြီး ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက မိခင်ကြီးကို ခိုင်းမစားပါနဲ့၊ အလှူခံစားချင်ရင်လည်း ယောဂီရောင်အဝတ်အစားဝတ်ပြီး ငွေဖလားနဲ့ အလှူမခံပါနဲ့၊ ရိုးရိုးအဝတ်ဝတ်ပြီးမှ အလှူခံခိုင်းပါလို့ ဆိုဆုံးမပြီးသား ဖြစ်ပါတယ်” လို့ ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။
အဆိုပါ သားဖြစ်သူဟာ မိခင်ကို အလှူခံခိုင်းတဲ့အပြင် အရင်ကလည်း အလားတူကိစ္စကြောင့် ခေါ်ယူဆုံးမခံထားရဖူးသူဖြစ်တာကြောင့် ဒီတကြိမ်မှာ သားအမိအသုံးပြုတဲ့ ဆိုင်ကယ်ကို ခေတ္တထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးပါက ခံဝန်ကတိလက်မှတ်ရေးထိုးစေမယ်လို့ သိရပါတယ်။
ခံဝန်ကတိလက်မှတ်ရေးထိုးပြီးနောက် ထပ်မံမလိုက်နာပါက သားဖြစ်သူအပါအဝင် သက်ဆိုင်သူတွေကို ထိုက်သင့်တဲ့ အရေးယူမှု ဆက်လက်ပြုလုပ်မယ်လို့ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ဘက်က အသိပေးထားပါတယ်။


