၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဟော်မုဇ်ရေလက်ကြားအနီး ကုန်သွယ်ရေးသင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်က အီရန်အတွင်း ပစ်မှတ် ၈၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို အီရန်ရေနံရောင်းချခွင့်ဆိုင်ရာ လိုင်စင်ကိုလည်း ရုပ်သိမ်းခဲ့တာကြောင့် အမေရိကန်–အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားနိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းတွေ ခုန်တက်သွားပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်မှာ အီရန်တပ်ဖွဲ့တွေက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်သွယ်ရေးသင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့တာကြောင့် အီရန်နိုင်ငံအတွင်း လေကြောင်းကာကွယ်ရေးစနစ်တွေ၊ အမိန့်ပေးထိန်းချုပ်ရေးကွန်ရက်တွေ၊ ကမ်းရိုးတန်းရေဒါနေရာတွေ၊ သင်္ဘောဖျက်ဒုံးစနစ်တွေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ သင်္ဘောငယ် ၆၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။
CENTCOM အဆိုအရ တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘောတွေထဲမှာ Marshall Islands အလံတင် M/T Al Rekayyat၊ ဆော်ဒီအာရေဗျအလံတင် M/T Wedyan နဲ့ Liberia အလံတင် M/T Cyprus Prosperity တို့ ပါဝင်ပါတယ်။ အမေရိကန်ဘက်ကတော့ အီရန်ရဲ့ လုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်း လွတ်လပ်စွာအသုံးပြုနိုင်မှုကို ထိခိုက်စေတယ်လို့ စွပ်စွဲထားပါတယ်။
Reuters သတင်းအရ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့သလို အီရန်ကို ကမ္ဘာ့ဈေးကွက်မှာ ရေနံရောင်းချခွင့်ပေးထားတဲ့ ယာယီလိုင်စင်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီလို ရုပ်သိမ်းမှုဟာ ဇွန်လအတွင်း အမေရိကန်နဲ့ အီရန်တို့ကြား ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် ရရှိထားတဲ့ နားလည်မှုစာချွန်လွှာကို ထိခိုက်စေတဲ့ အချက်ဖြစ်တယ်လို့ စွမ်းအင်ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကာတာနိုင်ငံရဲ့ LNG တင်သင်္ဘောတစီးဟာ ဟော်မုဇ်ရေလက်ကြားအတွင်း တိုက်ခိုက်ခံရပြီး ပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိခဲ့သလို ဆော်ဒီရေနံတင်သင်္ဘော M/T Wedyan လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကာတာနဲ့ ဆော်ဒီအာရေဗျဘက်က အီရန်ကို တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့ပြီး အီရန်ဘက်ကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတယ်လို့ Reuters က ဖော်ပြပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးအတွက် အရေးအကြီးဆုံး ရေလမ်းကြောင်းတွေထဲက တခုဖြစ်ပြီး အမေရိကန်နဲ့ အီရန်အကြား စစ်ရေးတင်းမာမှုတွေကြောင့် ရေလမ်းကြောင်းလုံခြုံရေးအန္တရာယ်အဆင့်ကို “severe” အထိ မြှင့်တင်ထားတယ်လို့ Reuters က ဖော်ပြပါတယ်။
စွမ်းအင်ဈေးကွက်မှာတော့ ဇူလိုင် ၇ ရက်က Brent ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးဟာ တစည်ကို ၇၄ ဒသမ ၁၆ ဒေါ်လာအထိ ၃ ဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး WTI ရေနံစိမ်းဈေးနှုန်းကလည်း တစည်ကို ၇၀ ဒသမ ၄၄ ဒေါ်လာအထိ ၂ ဒသမ ၇၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က အီရန်ရေနံရောင်းချခွင့်လိုင်စင်ကို ရုပ်သိမ်းပြီးနောက် post-settlement trade မှာ Brent က ၇၅ ဒသမ ၈၈ ဒေါ်လာနဲ့ WTI က ၇၂ ဒသမ ၂၀ ဒေါ်လာအထိ ထပ်မံမြင့်တက်ခဲ့ပြီး နှစ်ခုစလုံး ယခင်နေ့ settlement ဈေးထက် ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။
ဇူလိုင် ၈ ရက် မနက်ပိုင်းမှာလည်း Gulf စတော့ဈေးကွက်တွေ ကျဆင်းခဲ့ပြီး Brent ရေနံစိမ်းဈေးဟာ GMT ၀၆:၄၅ အချိန်မှာ တစည်ကို ၇၆ ဒသမ ၅၆ ဒေါ်လာအထိ ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ Reuters က ဖော်ပြပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပြီး အမေရိကန်ဘက်ကလည်း အီရန်က သဘောတူညီချက်ကို မလိုက်နာပါက ဆက်လက်တာဝန်ခံစေမယ်လို့ CENTCOM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စွမ်းအင်လေ့လာသူတွေကတော့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နိုင်ခြေ ဒါမှမဟုတ် သင်္ဘောသွားလာရေးအန္တရာယ် ပိုမိုမြင့်လာပါက ရေနံဈေးနှုန်းတွေ ထပ်မံမြင့်တက်နိုင်ပြီး အရှေ့အလယ်ပိုင်းက စွမ်းအင်ထောက်ပံ့မှုအပေါ် မှီခိုနေတဲ့ နိုင်ငံတွေမှာ စက်သုံးဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေပါ သွယ်ဝိုက်ရိုက်ခတ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


