Homeပြည်တွင်းသတင်းမင်းအောင်လှိုင် တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး အစီအစဉ် ပါဝင်နိုင်

မင်းအောင်လှိုင် တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး အစီအစဉ် ပါဝင်နိုင်

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး အစီအစဉ် ပါဝင်နေတယ်လို့ New Day Myanmar ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇွန်လ ၁၆ ရက်မှာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာနဲ့ အားကစားကဏ္ဍတွေ ပါဝင်တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပေမယ့် မြစ်ဆုံစီမံကိန်း ပါဝင်ကြောင်းကိုတော့ လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ချက်တွေမှာ တိတိကျကျ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

ဒါပေမယ့် New Day Myanmar ရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ အခုခရီးစဉ်ဟာ အပေါ်ယံအားဖြင့် လုံခြုံရေး၊ စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးတည်ဖော်ပြနေပေမယ့် အတွင်းပိုင်းဆွေးနွေးမှုတွေထဲမှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး အစီအစဉ် ပါဝင်နေတယ်လို့ ပြောပါတယ်။

အခုခရီးစဉ်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့ လိုက်ပါသွားပြီး နယ်စပ်ကုန်သွယ်ရေး၊ သယံဇာတ၊ စွမ်းအင်နဲ့ တရုတ်စီမံကိန်းကြီးတွေကို ဦးတည်ဆွေးနွေးနိုင်ပါတယ်။

အထူးသဖြင့် မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တရုတ်ရဲ့ အဓိကစွမ်းအင်စီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကချင်ဝန်ကြီးချုပ်ဦးခက်ထိန်နန်းလည်း မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ ပါဝင်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေလိုကြောင်း ပြောဆိုခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီချက်တွေဟာ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘေးအန္တရာယ်ကူညီရေး၊ ကျန်းမာရေးနဲ့ မီဒီယာကဏ္ဍတွေ ပါဝင်တယ်လို့ Reuters က ဖော်ပြထားပါတယ်။

Reuters ရဲ့ သုံးသပ်ချက်တစ်ခုမှာလည်း မင်းအောင်လှိုင်နဲ့အတူ နယ်စပ်ဒေသတာဝန်ရှိသူတွေ လိုက်ပါသွားတာဟာ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးမှုတွေ၊ မြစ်ဆုံစီမံကိန်း ပြန်လည်အသက်သွင်းနိုင်ခြေတို့နဲ့ ဆက်စပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ကလည်း မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံရာမှာ တရုတ်နဲ့ ဆက်ဆံရေးဟာ မြန်မာအတွက် အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်တယ်လို့ ပြောခဲ့ပြီး မြန်မာနယ်မြေထဲမှာ တရုတ်အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ခွင့်မပြုဘူးဆိုတဲ့ သဘောလည်း ပြောဆိုထားပါတယ်။

နိုင်ငံတကာမှာ အထီးကျန်နေတဲ့ စစ်အုပ်စုက တရုတ်ရဲ့ နိုင်ငံရေးအသိအမှတ်ပြုမှု၊ စီးပွားရေးထောက်ပံ့မှုနဲ့ လုံခြုံရေးအကူအညီတွေကို ပိုမိုလိုအပ်လာနေချိန်မှာ တရုတ်အကျိုးစီးပွားကြီးမားတဲ့ စီမံကိန်းတွေကို ပြန်ဖွင့်ပေးရေးလုပ်ဆောင်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ ကချင်ဒေသခံတွေရဲ့ ဘဝနဲ့ နိုင်ငံတော်အကျိုးစီးပွားအပေါ် ကြီးမားတဲ့ ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မြန်မာပြည်သူအများစု ဆယ်စုနှစ်ကျော်ကြာ ကန့်ကွက်ထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ရပြီး တရုတ်ဘက်က အကြိမ်ကြိမ် ပြန်လည်စတင်လိုခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံရေးလဲလှယ်မှုတစ်ခုအဖြစ် မြစ်ဆုံကို ပြန်ဖွင့်ပေးမယ့် အရိပ်အယောင်တွေ တွေ့နေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး