၈ ဇွန် ၂၀၂၆ | New Day Myanmar
တရားမဝင်အာဏာသိမ်းစစ်အုပ်စုကို ကျောထောက်နောက်ခံပြုပြီး ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အရေးယူဆောင်ရွက်ပေးဖို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂတွေက လှုပ်ရှားတောင်းဆိုလာကြတယ်လို့ Justice For Myanmar (JFM) က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြီးခဲ့တဲ့နှစ်မှာ အမြင့်ဆုံးအရေးယူမှုအဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ နိုင်ငံတကာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (PSI) ဂျပန်ကောင်စီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ KDDI Corporation နဲ့ Sumitomo Corporation တို့ထံ တိုက်ရိုက်စာပေးပို့ခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာဖြတ်တောက်ရေး လုပ်ငန်းတွေမှာ အသုံးချခံနေရတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ရုပ်သိမ်းပေးဖို့ ကုမ္ပဏီအတွင်းရှိ အလုပ်သမားသမဂ္ဂတွေအနေနဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးပေးကြဖို့ တိုက်တွန်းထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဘက်မှာလည်း PSI Korea Council က နိုင်ငံဆင့်ပင်စင်ဝန်ဆောင်မှုအဖွဲ့ (NPS) ထံ စာပေးပို့ပြီး POSCO ကုမ္ပဏီထံက ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
POSCO ဟာ စစ်အုပ်စုပိုင် အဓိကစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေသလို စစ်အုပ်စုရဲ့ အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာလည်း ပါဝင်ရင်းနှီးမြှုပ်နှံထားတာကြောင့် ဖြစ်တယ်လို့ JFM က ဆိုပါတယ်။
JFM ရဲ့ အဆိုအရ အခုလှုပ်ရှားမှုဟာ စစ်အုပ်စုထံ ဘဏ္ဍာငွေနဲ့ စစ်လက်နက်နည်းပညာတွေ စီးဆင်းစေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းစေဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ အငြိမ်းစားစုဆောင်းငွေတွေကို စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ငွေကြေးထောက်ပံ့မှုအဖြစ် အသုံးမချနိုင်စေရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။


