Homeပြည်တွင်းသတင်းမင်းကင်းမှာ SRF တပ်ဖွဲ့ကို NUG လက်အောက်ခံတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ

မင်းကင်းမှာ SRF တပ်ဖွဲ့ကို NUG လက်အောက်ခံတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ

၂၇ မေ ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) နှင့် NUG လက်အောက်ခံ တပ်ဖွဲ့များကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး ယနေ့မှာလည်း SRF တပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေနဲ့ပါ ပစ်ခတ်ကာ ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ SRF နဲ့ နီးစပ်သူတွေဘက်က ပြောဆိုထားပါတယ်။

SRF ဘက်ကတော့ လက်ရှိ မင်းကင်းဒေသအတွင်း စစ်ကော်မရှင် စစ်ကြောင်းတွေ ထိုးစစ်ဆင် လှုပ်ရှားနေချိန်မှာ တော်လှန်ရေးအင်အားစုအချင်းချင်းကြား ယခုလို စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာဟာ “တန်ပြန်တော်လှန်ရေးပုံစံ” အသွင်ဆောင်လာနေတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

SRF ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ မေ ၂၆ ရက်နေ့က SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းဟာ မင်းကင်းမြို့နယ် ပ.က.ဖ စစ်ရေးတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားရောက်စဉ် လမ်းမှာ ကြားဖြတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်နေရာကို ခေါ်ဆောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးချိန်မှာ ကိုစံတင်ထွန်းကို ဝန်းရံလိုက်ပါသွားတဲ့ ဒေသခံရွာသားတွေက ဝိုင်းဝန်းကာကွယ်ခဲ့ကြပေမယ့် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမျိုးသားပြည်သူတစ်ဦးနဲ့ အမျိုးသမီးပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ SRF ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် SRF ရဲဘော်တွေအပြင် ၎င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ ဆိုထားပြီး မင်းကင်းဒေသအတွင်း SRF တပ်ဖွဲ့တွေကို ဝိုင်းထားတဲ့ NUG လက်အောက်ခံ တပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တစ်ဖက်မှာတော့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ဘက်က SRF ဟာ NUG ရဲ့ မြို့နယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိဘဲ စင်ပြိုင်အုပ်ချုပ်ရေး ပုံစံတစ်ခု ဖန်တီးဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ပ.အ.ဖ ရဲ့ ထုတ်ပြန်ချက်အရ SRF ဘက်က NUG ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်တာ၊ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာနဲ့ တပ်သားစုဆောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပြီး လက်ရှိမှာ SRF တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

SRF ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ပြဿနာတွေကို စားပွဲဝိုင်းဆွေးနွေးမှုနဲ့သာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး