၁၅ မေ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုတွေ တားဆီးနှိမ်နင်းဖို့အတွက် ပြစ်ဒဏ်အပြင်းထန်ဆုံးဖြစ်တဲ့ သေဒဏ်အထိ ပါဝင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို စစ်အုပ်စုက မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်း” မှာ အခန်း ၁၃ ခန်းနဲ့ ပုဒ်မခွဲ ၆၃ ခု ပါဝင်ပြီး အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီနဲ့ ဗဟိုဌာနတွေ ဖွဲ့စည်းကာ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဥပဒေမူကြမ်းအရ ပြစ်မှုအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
ထို့ပြင် ပုဒ်မ ၄၇ ပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာမှာ လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ပါက “သေဒဏ် မဖြစ်မနေချမှတ်ရမည်” လို့ ဥပဒေမူကြမ်းမှာ ပြဋ္ဌာန်းထားပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ဥပဒေမူကြမ်းဟာ နယ်စပ်ဒေသတွေကတစ်ဆင့် ဝင်ရောက်ကျူးလွန်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ကာကွယ်တားဆီးဖို့၊ နည်းပညာအသုံးပြု ငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့နဲ့ ပြည်ပအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။
“အွန်လိုင်းလိမ်လည်မှုကို တားဆီးဖို့ ဥပဒေမူကြမ်းထုတ်တယ်ဆို အတည်ပြုပြီး ဥပဒေ၊ နည်းဥပဒေတွေပါ ထုတ်ရမှာပါ။ အခု စလော့ဂိမ်းလို အရင်က နယ်စပ်ဒေသတွေမှာပဲရှိတဲ့ ဂိမ်းတွေဆို ရန်ကုန်မှာ လူတန်းစားမရွေး ကစားလာကြတာတွေ့ရတယ်။ ဒါတွေပါ တားဆီးသင့်တယ်” လို့ ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
၎င်းက စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကြပ်တည်းမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် လူအများအပြားဟာ TwoD၊ ThreeD နဲ့ အွန်လိုင်းစလော့ဂိမ်းတွေကို ပိုမိုကစားလာကြပြီး အချို့ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ အဆိုပါ ဥပဒေကို အတည်ပြုပြဋ္ဌာန်းထားခြင်း မရှိသေးဘဲ မူကြမ်းအဆင့်သာရှိနေပြီး သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ကာ လူထုအမြင်ကို စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။


