၁၆ မေ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ (၄)၊ ကမ္ဘောဇလမ်း (ခ) “ဝ” တောင်တန်းလမ်းကြားမှာရှိတဲ့ လူနေအိမ်တစ်လုံးမှာ ဒီကနေ့ မေလ ၁၆ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။
မီးလောင်ခဲ့တဲ့ နေအိမ်ဟာ ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ နေအိမ်ဖြစ်ပြီး ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုဟာ တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့ပေမယ့် အနီးဝန်းကျင်က အခြားနေအိမ်တွေကို ကူးစက်လောင်ကျွမ်းတာမျိုး မရှိခဲ့ဘဲ မီးအရှိန်သာ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးမှုတွေ မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မီးလောင်ရာနေရာကို လားရှိုးခရိုင် မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ လားရှိုးမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့အပြင် မြို့မဈေး မီးသတ်တပ်ဖွဲ့နဲ့ အမှတ် (၁၊ ၅၊ ၈၊ ၁၂) ရပ်ကွက် အရန်မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


