၂၇ ဧပြီ ၂၀၂၆ | New Day Myanmar
စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတာကြောင့် ရန်ကုန်အခြေစိုက် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းအချို့မှာ ဧပြီလ နောက်ဆုံးပတ်ကစပြီး ယာဉ်စီးခနှုန်းတွေ လျော့ကျလာတယ်လို့ ခရီးသွားပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါ့အပြင် ဈေးမကျခင်က အတက်ဈေးနဲ့ ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေကိုလည်း ခရီးစဉ် Check-in ပြုလုပ်ချိန်မှာ ပိုငွေတွေကို ပြန်လည်အမ်းပေးသွားမယ်လို့ ယာဉ်လိုင်းအချို့က အသိပေးထားပါတယ်။
လက်ရှိမှာ ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားဈေးနှုန်းဟာ ယခင် ၆၀,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ်အထိ ကျဆင်းလာပြီး အထူးကား (VIP) ကလည်း ၉၀,၀၀၀ ကျပ်ကနေ ၈၀,၀၀၀ ကျပ်အထိ လျော့ကျလာတာ ဖြစ်ပါတယ်။
ရန်ကုန်-နေပြည်တော် ခရီးစဉ်မှာလည်း ရိုးရိုးကားကို ယခင် ၄၀,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်အထိ လျော့ချထားပြီး အထူးကားကိုလည်း ၆၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။
မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးအပါအဝင် အခြားယာဉ်လိုင်းတွေမှာလည်း ခရီးစဉ်အလိုက် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ တပြေးညီ ဈေးနှုန်းလျော့ချထားတာကို New Day Myanmar က စုံစမ်းသိရှိရပါတယ်။
“ကျွန်တော်တို့မှာ အဝေးပြေးယာဉ်လုပ်ငန်းရှင်များအသင်းရှိတယ်။ စက်သုံးဆီဈေးပေါ်မူတည်ပြီး အသင်းက သတ်မှတ်ပေးတာပါ။ ဆီဈေးကျရင် ကျသလို ယာဉ်စီးခလည်း လိုက်ကျမှာပါ”လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ယာဉ်စီးခတွေ လျော့ကျလာတာကြောင့် ခရီးသွားပြည်သူတွေ တဖြည်းဖြည်းတိုးလာနေပြီး စက်သုံးဆီဈေးကြောင့် မြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေပါ လိုက်လျော့ကျလာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီကနေ့ ဧပြီ ၂၇ ရက်နေ့အတွက် ရန်ကုန်စက်သုံးဆီဈေးနှုန်းအရ 92 Ron တစ်လီတာကို ၄,၆၆၈ ကျပ်၊ 95 Ron တစ်လီတာကို ၄,၉၀၉ ကျပ်၊ ဒီဇယ်တစ်လီတာ ၅,၇၅၂ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၇,၀၁၂ ကျပ်အထိ ကျဆင်းလာပါတယ်။


