၂၆ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာ–ထိုင်း နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ မြဝတီ–မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ Thai TBS News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်မှာ အရေးပါတဲ့ ဒီတံတားကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ကုန်တင်ယာဉ်တွေ သွားလာခွင့် ယာယီပိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြန်လည်ဖွင့်လှစ်ဖို့အတွက် နှစ်ဖက်တာဝန်ရှိသူတွေ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
တံတားပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် နယ်စပ်ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
“ဒီလ ၂၈ ရက်မှာ ပြန်ဖွင့်မယ်လို့ သတင်းကြားတယ်။ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာတွေလည်း တွေ့တယ်။”လို့ မဲဆောက်မြို့က မြန်မာကုန်သည်တဦးက New Day Myanmar ကိုပြောပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကတော့ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ချက် မရှိသေးပေမယ့် တံတားကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို နှစ်ဖက်လုံးက ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
တံတားပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရင် ရပ်ဆိုင်းနေတဲ့ တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်မှာဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်သလို ဒေသတွင်း စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။


