၁၇ ဧပြီ ၂၀၂၆ | New Day Myanmar
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနှစ်ဆန်းတစ်ရက်နေ့အဖြစ် ပြည်သူ့တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေကို နှစ်သစ်မင်္ဂလာဆုမွန်ကောင်းတောင်းဆိုပြီး နှစ်ဦးသဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။
သဝဏ်လွှာမှာ ပြည်သူ့တော်လှန်ရေးဟာ ၅ နှစ်တာကာလအတွင်း ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုအဆင့်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပြီး PDF တပ်ဖွဲ့တွေကို စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန အဆင့်ဆင့်နဲ့ တစ်ခုတည်းသော ကွပ်ကဲမှုစနစ်အောက်မှာ စုစည်းတည်ဆောက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးဟာ မဟာဗျူဟာနဲ့ အစီအစဉ်အတိုင်း ဆက်လက်ရှေ့ဆက်နေပြီး ရပ်တန့်ခြင်း၊ နောက်ဆုတ်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ပြောက်ကျားနည်းဗျူဟာတွေကို အသုံးပြုပြီး နယ်မြေစိုးမိုးရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ထည့်ပြောထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလအတွင်း မဟာဗျူဟာနဲ့ နည်းဗျူဟာပိုင်းတွေကို ပြန်လည်သုံးသပ်ပြုပြင်ထားပြီး တပ်ဖွဲ့အင်အား တည်ဆောက်မှု၊ အရင်းအမြစ် စုစည်းမှုတွေကို အထူးအားစိုက်ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ရေးအခြေအနေအရ ရန်သူဘက်မှာ လက်နက်၊ လူအင်အားနဲ့ ငွေကြေးပိုင်းအရ အားသာချက်ရှိပေမယ့် ပြည်သူထောက်ခံမှုက တော်လှန်ရေးဘက်ရဲ့ အဓိကအားသာချက်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
၂၀၂၃–၂၀၂၄ ကာလအတွင်း ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရန်သူဘက်မှာ အားနည်းလာခဲ့ပြီး အဓမ္မ စစ်သားစုဆောင်းမှုတွေကြောင့်သာ ဆက်လက်တည်တံ့နိုင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၅–၂၀၂၆ ကာလအတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေဟာ အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်ဆင်နိုင်တဲ့ အင်အား မရှိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးမျက်နှာစာမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းနိုင်ခြင်းဟာ တော်လှန်ရေးတဆင့်တက်မှုတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကို တစ်ခုတည်းသော မူဝါဒ၊ မဟာဗျူဟာအောက်မှာ စုစည်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ အဓိကအချက်ဟာ ကြံ့ကြံ့ခံနိုင်စွမ်းဖြစ်တယ်လို့ ထောက်ပြပြီး တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားကြဖို့ တိုက်တွန်းထားပါတယ်။
ပုံစာ – NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန် PDFများသိမ်းပိုက်ထား သောပင်လည်ဘူးမြို့ကို သွား ရောက်စဥ်။
ဓါတ်ပုံ-NUG-MOD


