Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေး ဒုသမ္မတအဖြစ် ရွေးချယ်ခံရ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေး ဒုသမ္မတအဖြစ် ရွေးချယ်ခံရ

၃၁ မတ် ၂၀၂၆ | New Day Myanmar

စစ်တပ်က နေပြည်တော်မှာ ကျင်းပနေတဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေးကနေ ဒုသမ္မတ ၂ ဦးကို အတည်ပြုရွေးချယ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြံ့/ဖွံ့ပါတီအမတ် ဒေါ်နန်းနီနီအေးတို့ ရွေးချယ်ခံလိုက်ရပါတယ်။

မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒုသမ္မတလောင်းတွေအဖြစ် ပြည်သူ့လွှတ်တော်မှာ မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) အမတ် ဒေါက်တာကျော်ဆွေ၊ အမျိုးသားလွှတ်တော်မှာ ကြံ့/ဖွံ့ပါတီအမတ် ဒေါ်နန်းနီနီအေးနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အမတ် ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မဲပေးရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်ဘက်မှာ မင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲ ရရှိပြီး ဒေါက်တာကျော်ဆွေက ၁၀ မဲသာ ရရှိခဲ့တာကြောင့် မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဘက်မှာတော့ ဒေါ်နန်းနီနီအေးက ၁၁၇ မဲ ရရှိခဲ့ပြီး ဒေါက်တာ မနမ်တူးဂျာက ၃၀ ကျော်သာ ရရှိခဲ့တာကြောင့် ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီလို ရလဒ်တွေကြောင့် ဒေါက်တာကျော်ဆွေနဲ့ ဒေါက်တာမနမ်တူးဂျာတို့ဟာ ဒုသမ္မတနေရာအတွက် မအောင်မြင်ခဲ့ကြပါဘူး။

နိုင်ငံရေးလေ့လာသူတွေကတော့ ဒီရွေးချယ်မှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးကို ရယူဖို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လက် လှုပ်ရှားနေတယ်လို့ သုံးသပ်ကြပြီး ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တခြားအမတ်တွေကတော့ အိမ်ဖြည့်အနေနဲ့သာ ပါဝင်ထားတာ ဖြစ်နိုင်တယ်လို့လည်း ပြောကြပါတယ်။

မင်းအောင်လှိုင်ဟာ မတ်လ ၃၀ ရက်နေ့ကပဲ တပ်ချုပ်ရာထူးကို သူ့လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ပေမယ့် ဒီကနေ့ မဲရေတွက်တဲ့အချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ ရာထူးနာမည်ကို ဆက်လက် အသုံးပြုခဲ့တာကိုလည်း တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး