Homeပြည်တွင်းသတင်းကော်သူးလေဒေသမှာ စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်၊ အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံး

ကော်သူးလေဒေသမှာ စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်၊ အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံး

၁၂ မတ်လ ၂၀၂၆ | New Day Myanmar

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကော်သူးလေဒေသအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNU ရဲ့ ပြောကြားချက်အရ အဆိုပါကာလအတွင်း ကော်သူးလေဒေသမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀ ကျော် ပြုလုပ်ခဲ့ပြီး အများစုကို မြိတ်–ထားဝယ်ခရိုင်အတွင်း စုပြုံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်–ထားဝယ်ခရိုင်အတွင်း တိုက်ခိုက်မှု ၅၃ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ကဆဲဒိုမြို့နယ်တစ်ခုတည်းမှာပဲ ၄၈ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ မတ်လ ၉ ရက်နေ့ လယ်မူလားမြို့နယ် သာပိလေးခိုကျေးရွာရှိ ဘုရားကျောင်းကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၇ ဦးအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၀ ရက်နေ့ လယ်မူလားမြို့နယ် တကူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ မူတြော်ခရိုင် ဒွဲလိုးမြို့နယ် မယ်ကော်လောင်းကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ KNU က ဆိုပါတယ်။

KNU အဆိုအရ အဆိုပါ တိုက်ခိုက်မှုတွေဟာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် ကော်သူးလေဒေသအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (IDP) ဦးရေ ၁.၂ သန်းခန့်အထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

မတ်လ ၁၁ ရက်နေ့ ပါလူးဒေသ တိုက်ခိုက်မှုအပြီး လူဦးရေ ၄,၃၀၀ ခန့် ထပ်မံ နေရပ်စွန့်ခွာခဲ့ပြီး ဒုက္ခသည်စခန်းသစ် ၄ ခုမှာ ခိုလှုံနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော် ဝင်ရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

KNU က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့ လေယာဉ်ဆီ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့နဲ့ လက်နက်၊ ဘဏ္ဍာငွေ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး