၁၁ မတ်လ ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အွန်လိုင်းပေါ်မှာ ဖြစ်စဉ် ပျံ့နှံ့လာခဲ့ပေမယ့် အဲဒီမတိုင်ခင်ကတည်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တပ်ရင်းက တာဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သံသယတရားခံဖြစ်သူတွေကို ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးတာတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေကင်းစခန်းရှိ သက်သေတွေကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
နစ်နာသူနဲ့ သံသယတရားခံတွေက စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို လိုက်နာရသူတွေ ဖြစ်တဲ့အတွက် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဖမ်းဆီးထိန်းသိမ်းတာနဲ့ စုံစမ်းစစ်ဆေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နစ်နာသူနဲ့ သက်သေတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်တဦးကို တပ်ရင်းအတွင်း တာဝန်ရှိသူတချို့က ဖမ်းဆီးနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် အဖွဲ့အစည်းပေါင်း ၁၄၀ ကျော်က စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ကျူးလွန်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။


