၁၁ မတ်လ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင်ထောက်ခံသူ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက New Day Myanmar ကို ပြောပါတယ်။
မင်းအုပ်စိုးကို ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ ဘုရားငုတ်တို X–ray ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကားအတွင်း ပစ္စတိုသေနတ် တစ်လက်နဲ့ ကျည်ဆံ ၇ တောင့်ပါတဲ့ ကျည်အိမ်တစ်ခု တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက တွံတေးဘက်ကို အမြဲသွားလေ့ရှိတယ်။ အဲ့ဒီနေ့က စစ်ဆေးတော့ ကားထဲမှာတွေ့တာ။ လောလောဆယ်တော့ တွံတေးမြို့မရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၂၄ နဲ့ အမှုဖွင့်ထားတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒလမြို့နယ်ဘက်ကနေ တွံတေးမြို့နယ်ဘက်ကို ဒလ–တွံတေးကားလမ်းအတိုင်း မင်းအုပ်စိုး မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN-8 7S အနက်ရောင်ကားကို စစ်ဆေးရေးဂိတ်မှာ ရပ်တန့်စစ်ဆေးရာက ယာဉ်အတွင်း လက်နက်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်ပေါ်မှာ သေနတ်နံပါတ် A 895629 Made in Czech Republic စာတန်းပါတဲ့ CZ 75D Compact 9×19 ပစ္စတိုသေနတ် တစ်လက်နဲ့ 9×19 ကျည်ဆံ ၇ တောင့်ပါတဲ့ ကျည်အိမ် တစ်ခုကို တပ်ဆင်ထားလျက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မင်းအုပ်စိုးအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိတဲ့အတွက် ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေးနန်းစာတစ်ခုမှာ ဖော်ပြထားပါတယ်။


