Homeပြည်တွင်းသတင်းစုံရက်/မရက် ခွဲမောင်းခွင့်ပြုထားတဲ့ ကိုယ်ပိုင်ကားတွေကို စက်သုံးဆီလည်း ရက်အလိုက်ခွဲရောင်းမည်

စုံရက်/မရက် ခွဲမောင်းခွင့်ပြုထားတဲ့ ကိုယ်ပိုင်ကားတွေကို စက်သုံးဆီလည်း ရက်အလိုက်ခွဲရောင်းမည်

၆ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်က စက်သုံးဆီချွေတာရေးအနေနဲ့ ကိုယ်ပိုင်မော်တော်ယာဉ်တွေကို စုံရက်/မရက် ခွဲပြီး မောင်းနှင်ခွင့်ပြုထားတဲ့အပြင် စက်သုံးဆီဝယ်ယူမှုကိုပါ ရက်အလိုက် ခွဲပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ယာဉ်တွေကို ယာဉ်အမှတ်အလိုက် စက်သုံးဆီရောင်းချပေးမယ့် စနစ်ကို မတ်လ ၇ ရက်ကစပြီး စတင်အသုံးပြုမယ်လို့ သိရပါတယ်။

စုံရက်တွေမှာ ယာဉ်အမှတ် “စုံ” ဖြစ်တဲ့ ယာဉ်တွေ (ဥပမာ – 2A/…, 4A/…) ကိုသာ ဆီရောင်းချပေးမှာဖြစ်ပြီး မရက်တွေမှာတော့ ယာဉ်အမှတ် “မ” ဖြစ်တဲ့ ယာဉ်တွေ (ဥပမာ – 1A/…, 3A/…) ကိုသာ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီဆိုင်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အချိန်ကန့်သတ်ပြီး ရောင်းချဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“ဒီလိုစနစ်နဲ့ဆို ဆီဆိုင်တွေမှာ ကားတွေ ပုံဦးမှာဘဲ။ မြို့နယ်အလိုက် အနည်းအများပဲကွာမယ်။ နေရာဦးပေးတဲ့ စနစ်ပါ ပေါ်လာနိုင်တယ်” လို့ ရန်ကုန်မှာနေတဲ့ ကိုယ်ပိုင်ကားပိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်တွေကို စုံရက်/မရက် မောင်းနှင်စေမယ့်အစား စုံကား/မကားတွေကို စုံရက်/မရက် ခွဲပြီး ဆီဝယ်ယူခွင့်ပေးဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် စက်သုံးဆီဝယ်ယူရာမှာ ငွေကြေးပမာဏ သတ်မှတ်ခြင်း (သို့) လီတာအလိုက် သတ်မှတ်ပြီး ရောင်းချပေးရင် စက်သုံးဆီချွေတာရေးနဲ့ ဖူလုံရေးအတွက် ပိုမိုထိရောက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီအကြံပြုချက်တွေကြောင့် ဆီမှောင်ခိုစျေးကွက် ကြီးထွားလာနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှုတွေကြောင့် စက်သုံးဆီချွေတာရေးအနေနဲ့ ယာဉ်တွေကို စုံဂဏန်းရက်၊ မဂဏန်းရက် ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်က မတ်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီစည်းမျဉ်းကို မတ်လ ၇ ရက်ကစပြီး အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ချက် မရှိမချင်း ဆက်လက် အတည်ဖြစ်မယ်လို့ ဆိုထားပါတယ်။ စည်းကမ်းဖောက်ဖျက်ပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။

ဒါပေမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ Taxi တွေ၊ စက်သုံးဆီသယ်ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေကိုတော့ အဲဒီစည်းမျဉ်းထဲ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

လျှပ်စစ်ကား (EV) နဲ့ လျှပ်စစ်ဆိုင်ကယ်တွေကိုတော့ ရက်မရွေး နေ့စဉ် မောင်းနှင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး