Homeပြည်တွင်းသတင်းရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ မြင့်တက်လာ

ရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ မြင့်တက်လာ

၆ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်ဘက်က ပြည်တွင်းမှာ စက်သုံးဆီ အရန်ပမာဏ ရက် ၄၀ စာရှိနေသေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ မြင့်တက်လာပါတယ်။

ရန်ကုန်မြို့မှာ မတ်လ ၄ ရက်က စက်သုံးဆီ ရောင်းချနှုန်းတွေက 92 Ron တစ်လီတာ ၂၄၁၅ ကျပ်၊ 95 Ron တစ်လီတာ ၂၄၈၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၆၅ ကျပ်နဲ့ ပရီမီယံ ဒီဇယ် တစ်လီတာ ၂၈၄၅ ကျပ်နဲ့ ရောင်းချပေးနေခဲ့ပါတယ်။

ဒါပေမယ့် မတ်လ ၆ ရက်မှာတော့ 92 Ron တစ်လီတာ ၂၅၂၅ ကျပ်၊ 95 Ron တစ်လီတာ ၂၅၉၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၆၁၀ ကျပ်နဲ့ ပရီမီယံ ဒီဇယ် တစ်လီတာ ၂၉၀၅ ကျပ်အထိ မြင့်တက်လာပြီး စက်သုံးဆီအမျိုးအစားအလိုက် ကျပ် ၁၀၀ ကျော်အထိ တက်လာတာ ဖြစ်ပါတယ်။

“ရက် ၄၀ စာရှိနေသေးတယ်လို့လည်း ပြောတယ်။ ဆိပ်ကမ်းမှာလည်း သင်္ဘော ၂ စီး ရောက်နေပြီလို့ ပြောတယ်။ လာနေတဲ့ သင်္ဘောလည်း ၁၄ စီးရှိတယ်ဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ ဈေးမတက်သင့်ဘူးလေ။ အခုတော့ လူအသုံးများတဲ့ ဓာတ်ဆီက ပိုတက်လာတာ” လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြားမြို့တွေမှာလည်း ရန်ကုန်ပေါက်ဈေးထက် ကျပ် ၂၀၀ နီးပါးကနေ ကျပ် ၃၀၀ ကျော်အထိ အသီးသီး မြင့်တက်နေတယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်လာတဲ့အချိန်မှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေပါ လိုက်လံ တက်လာတဲ့ အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ပုံစာ — မတ်လ ၄ ရက်က သာကေတမြို့နယ်အတွင်း မြင်တွေ့ရသည့် စက်သုံးဆီဆိုင်တစ်ဆိုင်

Related News

Most Read