Homeပြည်တွင်းသတင်းBNRA အဖွဲ့ ခေါင်းဆောင်ပိုင်းဝင် ၅ ဦး စစ်ကော်မရှင်နဲ့ ထပ်မံပူးပေါင်း

BNRA အဖွဲ့ ခေါင်းဆောင်ပိုင်းဝင် ၅ ဦး စစ်ကော်မရှင်နဲ့ ထပ်မံပူးပေါင်း

၂၁ ဖေဖော်ဝါရီ ၂၀၂၆

ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ထဲက ဒုတိယအဖွဲ့ခေါင်းဆောင်၊ တတိယတာဝန်ခံ အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ စစ်ကော်မရှင်နဲ့ ထပ်မံပူးပေါင်းသွားခဲ့တယ်လို့ စစ်ကော်မရှင် ပြန်ကြားရေးဘက်က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ အဆိုပါ အဖွဲ့ဝင် ၅ ဦးဟာ လက်နက်မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတစ်ခုကို ဆက်သွယ်သတင်းပို့ပြီး ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးကတော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်းက မိသားစုဝင်တွေနဲ့အတူ စစ်ကော်မရှင်တပ်ထံ လက်နက်ချ အညံ့ခံသွားခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်မြို့တော့တာကြောင့် အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်ဘက်က ဝါဒဖြန့်ပြောဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ ပြောကြားချက်တွေအရ BNRA အဖွဲ့ဟာ အရပ်သားပြည်သူတွေကို ဖိနှိပ်တာ၊ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်မှုတွေ ကျူးလွန်ခဲ့တာ၊ ပြည်သူတွေထံက မတရားအခွန်ကောက်ခံမှုတွေ ပြုလုပ်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုဟာ ဗိုလ်နဂါး အပါအဝင် BNRA အဖွဲ့ထဲက အပြစ်ရှိသူတွေကို ဖမ်းဆီး အရေးယူနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ဗိုလ်နဂါးကတော့ ထွက်ပြေးပြီး စစ်ကော်မရှင်တပ်ထံ ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်ရဲ့ ထုတ်ပြန်ချက်အရ NUG တပ်ဖွဲ့တွေဟာ ဗိုလ်နဂါးကို မဖမ်းဆီးနိုင်ခဲ့ပေမယ့် BNRA တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး တော်လှန်ရေးဆူးညှောင့်တစ်ခုကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ချ အညံ့ခံသွားတဲ့ BNRA ဒုတိယခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး စစ်ကော်မရှင် ပြန်ကြားရေးဘက်က ထုတ်ပြန်ရာမှာတော့ တော်လှန်ရေးလုပ်ရင်း တိုင်းပြည်တည်ဆောက်ရေး ပိုကောင်းလာမယ်လို့ ယုံကြည်ခဲ့ပေမယ့် လက်တွေ့မှာ အခြေအနေက ပိုမိုကောင်းမွန်လာတာကို မခံစားရတဲ့အတွက် အခုလို ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဗိုလ်နဂါး ဦးဆောင်ခဲ့တဲ့ BNRA တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားခဲ့ပြီး NUG ဘက်က ဖြိုခွင်းပြီးနောက် အဖွဲ့အတွင်း ကွဲပြားပြတ်သားလာကာ လက်ရှိမှာတော့ တပ်ဖွဲ့ ပျက်စီးသွားပြီလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။

လက်ရှိအခြေအနေအရ ဗိုလ်နဂါးနဲ့ အပေါင်းအပါအချို့က စစ်ကော်မရှင်တပ်နဲ့ ပူးပေါင်းသွားပြီးနောက် ပုလဲမြို့နယ်အတွင်း စစ်ရေးအရှိန် ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေသဖြင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး