Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်ရောက်နေချိန် မန္တလေး နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးပစ်ခတ်ခံရ

စစ်ခေါင်းဆောင်ရောက်နေချိန် မန္တလေး နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးပစ်ခတ်ခံရ

၂၇ ဇန်နဝါရီ ၂၀၂၆

မန္တလေးမြို့ နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး တိုင်းမှူးနေအိမ်ကိုပါ ထိမှန်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ဒီနေ့ နံနက် ၄ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး BWM အဖွဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD-PDF)၊ Shadow (Mandalay) နဲ့ Infinity (အညာ) အဖွဲ့တွေ ပူးပေါင်းကာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီထဲက ၃ လုံးဟာ စစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ BWM ဘက်က ပြောပါတယ်။

BWM အဖွဲ့ရဲ့ ပြောဆိုချက်အရ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရုံတွေကို သွားရောက်ကြည့်ရှုပြီးနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း ခေတ္တဝင်ရောက်တည်းခိုနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိခဲ့တာကြောင့် ဒီလို ညတွင်းချင်း စီစဉ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့ နံနက် ၄ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားကနေ ယတြာချေရန် ပြည်တော်ဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကြောင့် အချိန်မရွေး လှုပ်ရှားနိုင်ဖို့ ရည်ရွယ်ပြီး ပစ်ခတ်ခဲ့တာလို့ BWM တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာမှာတော့ စစ်တပ်ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ မနက်တလုံးလုံး ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ဧရာဝတီမြစ် အနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်ဒေသတွေမှာလည်း တိုက်လေယာဉ်တွေ အဆက်မပြတ် ပျံဝဲနေခဲ့တယ်လို့ BWM ဘက်က ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှု အတိအကျကို မသိရသေးပေမယ့် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ ကနဦးသတင်းအချက်အလက်တွေ ရရှိထားပြီး BWM Mission 50 အတွင်း ဖြစ်ပွားခဲ့တဲ့ ထိခိုက်မှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး