၂၂ ဇန်နဝါရီ ၂၀၂၆
ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာပြီးနောက် မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံအထူးသံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုနဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေဟာ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ဖိလစ်ပိုင်နိုင်ငံ တာဂါတေးမြို့မှာ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာဘက်က နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ခုရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီးအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC)၊မကွေးဖက်ဒရယ်လွှတ်တော်၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MFSC)၊ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ၊ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး)၊မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် ထိရောက်ပြီး အဓိပ္ပါယ်ရှိတဲ့ အမြင်သဘောထားတွေ မျှဝေခဲ့ကြတယ်လို့ အာဆီယံအထူးသံက ပြောပါတယ်။
ဆွေးနွေးပွဲမှာ သက်ဆိုင်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်လာရေး၊ လူသားစာနာအကူအညီတွေ ပိုလွယ်ကူချောမွေ့စေရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုက ပြန့်ကျဲနေပြီး စုစည်းထားတဲ့ လုပ်ငန်းအစီအစဉ်မရှိတာ၊ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်မယ့် ယန္တရား မခိုင်မာသေးတာတွေကို ထောက်ပြခဲ့ကြပါတယ်။
အာဆီယံအထူးသံဖြစ်တဲ့ ထရီဇာ လာဇရိုကတော့ ဇန်နဝါရီ ၆ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ပြောထားပါတယ်။
ပုံစာ -အာဆီယံအထူးသံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို
ဓါတ်ပုံ – ရိုက်တာ


