မန္တလေးမှာ အောက်တိုဘာ ၁၆ ရက်ညပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသမီးတဦးကိုအိမ်စီးကားကဝင်တိုက်ပြီးနောက် ကားက မောင်းပြေးတာကြောင့် အဲ့ဒီအမျိုးသမီးက ကားအောက်ကို ညှပ်ပြီးပါသွားခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ မန္တလေး ပုသိမ်ကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးမှာ အောက်တိုဘာ ၁၆ ရက်ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တိုက်ပြေးသွားတဲ့ ကားဟာ အဆုတ်ဆေးရုံနားမှာ ခတ္တရပ်ကြည့်ပြီး ကားအောက်ပိုင်းမှာလူပါလာမှန်းသိတာကြောင့် အတိုက်ခံရတဲ့ အမျိုးသမီးကို ကားပေါ်တင်ပြေးပြီး ကံကောက်အထည်ချုပ်စက်ရုံနားမှာ ပစ်သွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတွေ ဆီကနေ သိရပါတယ်။
အဲ့ဒီအမျိုးသမီးကို လိုက်လံရှာဖွေသူတွေက တွေ့ရှိခဲ့တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ခဲ့ပြီး ဆေးကုသခဲ့ရမှာ အောက်တိုဘာ ၁၇ ရက်မနက်ပိုင်းမှာ ပြည်လည်သတိရလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
“သေပြီလို့ ထင်တာ၊ အလောင်းဖျောက်တယ်တောင်ပြောနေတာ။ အချိန်မှီတွေ့ပြီး ဆေးရုံတင်နိုင်လို့ အသက်ရှင်တာ။”လို့ လူမှုကူညီရေးဆောင်ရွက်ပေးသူတဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိအချိန်ထိ ကားနဲ့တိုက်ထွက်ပြေးပြီး လူနာအမျိုးသမီးကို စွန့်ပစ်ထွက်ပြေးသွားတဲ့ ကားနဲ့ ယာဉ်မောင်းကို တော့ ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။
ပုံစာ – ကားအောက်ညပ်ပါသွားသော အမျိုးသမီးကို လိုက်လံရှာဖွေခဲ့စဉ်
ဓါတ်ပုံ – နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း


