စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်ဦးရေ ၅ သောင်းမပြည့်လို့ဆိုပြီး ပါတီဖျက်သိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါ်စန္ဒာမင်းဟာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အ ဖြစ် ဝင်ပြိုင်မယ်လို့ သိရပါတယ်။
ဒေါ်စန္ဒာမင်းဟာ NDF မှာတုန်းက ဗဟန်းမြို့နယ်ကနေဝင်ပြိုင်ဖို့ စီစဥ်ခဲ့ပေမဲ့ အခု တစ်သီးပုဂ္ဂလကိုယ်စားလှယ်ကိုတော့ လသာပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ပြိုင်မယ်လို့ ဆိုပါတယ်။
ဒေါ်စန္စာမင်းနဲ့ သီးခြားဆက်သွယ်မေး မြန်းဖို့ New Day Myanmar က်ြုးစားနေဆဲဖြစ်ပါတယ်။
ဒေါ်စန္ဒာမင်းဟာ NLD ပါတီကိုယ်စားပြုပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။
၂၀၁၅ခုနှစ် မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အ ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး အမည်စာရင်းတင်သွင်းထားပြီးတစ်သီးပုဂ္ဂလ ၉၅ ဦးပါဝင်တယ်လို့ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ဒီအမည်စာရင်းတွေကို စက်တင်ဘာ ၂၃ ရက်ကနေ အောက် တိုဘာ ၄ ရက်အထိ စိစစ်သွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓာတ်ပုံ-ဒေါ်စန္ဒာမင်း ဖေ့စ်ဘွတ်


