ရိုဟင်ဂျာတွေကို လူမျိုးသုန်းသတ် ဖြတ်တဲ့အပေါ် စုံစမ်းစစ်ဆေးရာမှာ အာရက္ခတပ်တော်(AA)ရဲ့ ကြီးလေးတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူမရှုဘဲ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုချက်ကို မနေ့က စက်တင် ဘာ ၃ ရက်မှာ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK)က ထုတ် ပြန်ကြေညာခဲ့တာဖြစ်ပြီး၊ ဖမ်းဝရမ်း ထုတ်ခိုင်းရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် နဲ့ အမိန့်ပေးကွပ်ကဲသူတွေပါဝင်တယ်လို့ သိရပါတယ်။
BROUK ရဲ့ကြေညာချက်မှာ AAဟာ ရိုဟင်ဂျာတွေ ဆယ်စုနှစ်နဲ့ချီ ကြုံနေရတဲ့ လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ တစိတ်တပိုင်းပါဝင်နေတယ်လို့ ပါဝင် ပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၉ရက်နေ့မှာ UNHCR က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လည်း ရိုဟင်ဂျာအရပ်သားတွေအပေါ် အာရက္ခတပ်တော် (AA)က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း BROUK အနေနဲ့မှတ်တမ်းတင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အာဂိင်းတီးနားတရားရုံးက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်းနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်းထားတဲ့အပြင် နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုပါ ဖမ်းဝရမ်းထဲမှာထည့်သွင်းထားပါတယ်။
အာဂျင်တီးနားဖက်ဒရယ်တရားရုံးဟာသူ့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားစီရင်ရေးအရ နိုင်ငံပြင်ပမှာ ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရား စီရင်နိုင်တဲ့ Universal Jurisdiction လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနေတာပါ။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါ ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီနားတရားရုံးကို BROUK က တောင်းဆိုတဲ့ကိစ္စနဲ့ပတ် သက်လို့ အာရက္ခတပ်တော်(AA) အနေနဲ့ တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။


