စစ်ကော်မရှင်ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်လက်ဝေခံ USDP ပါတီအပါ ၉ ပါတီဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်(UEC) ထုတ်ပြန်ထားပါတယ်။
အဲဒီ ၉ ပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပယ်လိုက်တဲ့ ဒေါက်တာသက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီ( PPP) နဲ့ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) တို့ ဝင်ရောက်ယှဉ် ပြိုင်သွားမှာဖြစ်ပါတယ်။
ဒါအပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊အမျိုးသမီးပါတီ (မွန်)နဲ့ စစ်ကောင်စီအစိုးရအဖွဲ့မှာပါဝင်ခဲ့တဲ့ ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တို့ကလည်းဝင်ပြိုင်မှာဖြစ်ပါတယ်။
ကျန်တဲ့ ၅၂ ပါတီက တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်တွေမှာသာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပြီး၊ အချို့မဲဆန္ဒ နယ်တွေမှာ FPTP (နိုင်သူအကုန်ယူ) စနစ်နဲ့ PR (အချိုးကျ) စနစ် ၂မျိုးလုံးနဲ့ပြုလုပ်မယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲခြားပြု လုပ်မယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ ပထမတပိုင်းဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ၂၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MOI


