ရန်ကုန်မြို့ မြို့နယ်အချို့မှာ စစ်တပ်က ဧည့်စာရင်းစစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြုလုပ်လာပြီး ၊ ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေသိရပါတယ်။
ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းဝင်ရောက်စစ်ဆေးခံနေရတဲ့ မြို့နယ်တွေဟာ မင်္ဂလာတောင်ညွှန့်၊ ရန်ကင်း ၊သာကေတ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ လသာလှိုင်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ခပ်စိပ်စိပ် စစ်ဆေးလာတယ်လို့ သိရပါတယ်။
“မနေ့ညက မြောက်ဒဂုံထဲမှာ ဧည့်စစ်တွေ လာတယ်။ ဒီလထဲတင် သုံးကြိမ်လောက်ရှိနေပြီ၊ အဓိက ကသူတို့အထပ်မြင့်တွေကို စစ်တယ်။ တလောကလည်း လှည်းတန်းဘက်က အဆောင်တွေဝင်စစ်သွားတယ်။ အမြင်ကိုပြောရရင်တော့ ရွေး ကောက်ပွဲအတွက် လုံခြုံရေးကို ပိုတင်းကြပ်လာတယ်လို့ မြင်တယ်။ တဖက်အဖွဲ့ကလည်း ပြင်းထန်ထန်တိုက်ခိုက်မယ်လို့ ပြောထားတော့ ဒါတွေကိုလိုက်ကြပ်နေတာဖြစ်မယ်”လို့ ဆိုပါတယ်။
ဒါအပြင် ဩဂုတ်၂၇ ရက် ည ၉နာရီအချိန်က ရန်ကင်းမြို့နယ် Sky View ကွန်ဒိုကို စစ်တပ်က အင်အားအများအပြားနဲ့ညဥ်နက်တဲ့အထိ နာရီအတော်ကြာကြာစစီးနင်းမှု ပြုလုပ်ခဲ့သေးတယ်လို့ Rangoon Scout Network ကလည်းဖော်ပြထားပါတယ်။
အဲဒီစစ်ဆေးမှုမှာ စစ်တပ်နဲ့ ပျူအဖွဲ့ဝင်တွေက DC ၂ စီး၊ အိမ်စီးကား ၅ စီး၊ လူ အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ဒိုရှေ့ ဖြတ်သွားဖြတ်လာကားတချို့ပါ တားဆီးစစ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်
စစ်တပ်ရဲ့ စစ်ဆေးရေးအခြေအနေကို မသိရပေမဲ့ဝင်ရောက်စီးနင်းချိန်မှာ လူငယ်တချို့ ဖမ်းဆီးခံရတာ ရှိတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – MOI


