၁၂ ဩဂုတ် ၂၀၂၅
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို တမျိုးသားလုံးတာဝန်အနေနဲ့ လုပ်ဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၂ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“စစ်အာဏာရှင်တွေဟာ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်းဒီနှစ်ကုန်မှာ မြန်မာနိုင်ငံရွေးကောက်ပွဲကို ကျင်းပဖို့အတွက်အစီအစဉ်တွေချမှတ်လုပ်ဆောင်နေပြီဖြစ်တယ်။ သူတို့ အနိုင်ရရှိဖို့ အ တွက် နည်းလမ်း အမျိုးမျိုး ချမှတ်ထားတယ်။ ဒီရွေးကောက်ပွဲဟာ ကျနော်တို့ကို ဖျားယောင်းဖို့အတွက်နဲ့ နိုင်ငံတကာအသိ အမှတ်ပြုမှုရရှိဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်။ ဒီရွေးကောက်ပွဲ ဖြစ်မြောက်ရေးဟာ၂၀၀၈ အခြေခံဥပဒေကို အတည် ပြုတာဖြစ်ပြီး စစ်တပ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးမှာ အဆုံးအသတ်မရှိတဲ့ စစ်အာဏာတည်မြဲတာနဲ့ အတူတူပဲဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ နိုင်ငံတော်အတွက် ပွတ်တိုက်မှုနဲ့ ပဋိပက္ခ တွေကြီးထွားစေဖို့လုပ်ဆောင်တာဖြစ်ပြီး လူငယ်တွေရဲ့အနာဂတ်ကိုလည်း စစ်အာဏာရှင်တွေက စီရင်ဖို့ဖြစ်ကြောင်း၊ဒါကြောင့် စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေး တမျိုးသားလုံးတာဝန်အနေဖြင့် လုပ်ဆောင်ရမယ်လို့ KNU ဥက္ကဋ္ဌ က တဆက်တည်း ပြောကြားခဲ့တာပါ။
“ဒီရွေး ကောက်ပွဲဟာ စစ်အာဏာရှင်တွေကို တွန်းလှန်တဲ့ လူငယ်တွေရဲ့ အနာဂတ်ကို စစ်အာဏာရှင်တွေက စီရင်ဖို့ အတွက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲ မဖြစ် မြောက်ဖို့အတွက် ကျနော်တို့ တမျိုးသားလုံးတာဝန်အနေနဲ့ထားပြီးတော့ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ် ပပျောက်ရေး အတွက် ကျရာ အခန်းကဏ္ဍကနေ နည်းလမ်း အမျိုးမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်စေရေး အတူတကွ တည်ဆောက်ကြရမှာဖြစ်တယ်လို့ မိန့်ခွန်းထဲမှာထည့်သွင်းပြောဆိုသွားပါတယ်။
KNU ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် ရပ်တန့်သွားရေးဖြစ်ပြီး အဲဒီရည်မှန်းချက်အတွက် စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တဲ့ အခြားလူမျိုးစု လက်နက်ကိုင်တော်လှန်ရေး ညီအစ်ကို၊ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာပြောကြားထားပါတယ်။
ဓာတ်ပုံ-KNU


