၁၇ ဧပြီ ၂၀၂၆၊ New Day Myanmar
ဒီကနေ့ ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား/သူ ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
အတည်ပြုမရသေးတဲ့ သတင်းထွက်ပေါ်ချက်အရ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အခုထိတော့ တစ်စုံတရာ မထူးခြားသေးပါဘူး။
အခု လွှတ်ပေးလိုက်တဲ့ အကျဉ်းသား/အကျဉ်းသူတွေကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် အဲ့ဒီ ကျူးလွန်တဲ့ ပြစ်ဒဏ်အပြင် ကနဦး ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူတွေကို ထောင်ဒဏ်တစ်သက် ကျခံရန်၊ နှစ်အကန့်အသတ်မရှိ ကျခံနေရသူတွေကို ထောင်ဒဏ်နှစ် ၄၀ လျှော့ချကျခံဖို့နဲ့ အခြားနှစ်ကြီးသမားတွေကိုလည်း ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လျှော့ချကျခံစေဖို့ ထုတ်ပြန်ထားပါတယ်။
“နှစ်ကြီးသမားတွေကို လွတ်ငြိမ်းခွင့်မှာ မလွှတ်ပေးပေမယ့် လျော့ရက်တွေ ရတဲ့အတွက် ဝမ်းသာတယ်ပဲ ပြောရမှာပဲ” လို့ နှစ်ကြီးပြစ်ဒဏ်ကျခံနေရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။


