၁၇ ဧပြီ ၂၀၂၆ | New Day Myanmar
မတရား ဖမ်းဆီးခံရပြီး ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးသူ မရှင်ဒေဝီဟာ ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။
မရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မနဲ့ စွဲချက်တင်ကာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းသား၊ အကျဉ်းသူ ၄,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ စစ်ကော်မရှင်ဘက်က ကြေညာထားပါတယ်။
မရှင်ဒေဝီဟာ ပြီးခဲ့တဲ့ မတ်လ လွတ်ငြိမ်းမှာ ပါလာပြီးသားဖြစ်တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အမှန်တကယ် လွတ်မြောက်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ အွန်လိုင်းကနေ မှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို သွားယူချိန်မှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ ပုဒ်မ ၅၀(ည)နဲ့ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှာတော့ စစ်ကော်မရှင်က ထောင်ဒဏ် တစ်သက် ချခံထားရသူတွေထဲက ၁၄၄ ဦးကို ၁၅ နှစ် လျှော့ပေးခဲ့ရာမှာ မရှင်ဒေဝီလည်း ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ ဆက်လက် အကျဉ်းခံနေခဲ့တာ ဖြစ်ပါတယ်။


