Homeပြည်တွင်းသတင်းရန်ကုန်မှာ စက်သုံးဆီတန်းစီရင်း အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်မှာ စက်သုံးဆီတန်းစီရင်း အမျိုးသားတစ်ဦး သေဆုံး

၆ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် လိုင်စင်ရုံးအနားမှာရှိတဲ့ Max ဆီဆိုင်မှာ စက်သုံးဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်မြို့ တက္ကစီယာဉ်မောင်းအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အဲ့ဒီ သေဆုံးသူအမျိုးသားဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးအောင်ကြည်စိုးဆိုသူဖြစ်ပြီး မနေ့က ဧပြီ ၅ ရက် ညပိုင်းက စတင်တန်းစီရာကနေ ဒီကနေ့ မနက် ဆီပေးချိန် ကားမရွေ့တာကြောင့် သွားရောက်ကြည့်ရှုရာမှာ သေဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ရန်ကုန်မှာ စက်သုံးဆီရဖို့ ညအိပ်တန်းစီရတဲ့ အခြေအနေမျိုးအထိ ဖြစ်ပေါ်နေပြီး စက်သုံးဆီပြတ်တောက်သွားမှာကို တက္ကစီယာဉ်မောင်းတွေ စိုးရိမ်နေကြပါတယ်။

“ကိုယ်က ကားမောင်းမှ စားရတာလေ။ ဆီမရှိရင် အဆင်မပြေဘူး၊ မိသားစု စားဝတ်နေရေးပါ ဒုက္ခရောက်သွားမယ်။ နေကလည်းပူတော့ ညဘက်တန်းစီ၊ မနက်စောစောရ စောစောမောင်းကြတာ။ တက္ကစီသမားတွေ အိမ်မှာ ရေချိုးတာနဲ့ စားတဲ့ တစ်ချိန်ပဲဗျ။ ကျန်တာ လမ်းပေါ်မှာ အိပ်၊ မောင်းပြီးရင် ဆီပြန်တန်းစီ အခြေအနေမျိုး ဖြစ်နေကြတာ” လို့ ရန်ကုန်နေ တက္ကစီယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လတ်တလော ရန်ကုန်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တော်တော်များများမှာ ဆီခွဲတမ်းမရလို့ ပိတ်ထားရပြီး Max နဲ့ DENKO ဆီဆိုင်တွေမှာသာ တန်းစီဝယ်ယူနေရတာ များတယ်လို့ သူက ဆိုပါတယ်။

မတ်လ နောက်ဆုံးပတ်အတွင်းကလည်း တက္ကစီယာဉ်မောင်းတစ်ဦး ယာဉ်မောင်းနှင်နေရာကနေ အပူရှပ်ကာ ကားပေါ်မှာတင် သေဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။

“အဲဒါလေ လမ်းပေါ်နဲ့ ဆီဆိုင်မှာတင် အချိန်ကုန်နေတော့ ယာဉ်မောင်းတွေ သေတဲ့အထိ ဖြစ်ကုန်တာ။ သက်ကြီးရွယ်အို အငှားယာဉ်မောင်းတွေ အရမ်းသတိထားရတဲ့ အချိန်” ဟု ၎င်းက ဖြည့်စွက်ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အီရန်-အစ္စရေး စစ်ပွဲကြောင့် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးလာတာနဲ့ ဈေးနှုန်းမြင့်တက်လာတာတွေ ကြုံတွေ့နေရပြီး စစ်ကော်မရှင်ကတော့ အောက်ခြေကို မူဝါဒ အပြောင်းအလဲတွေသာ ထုတ်ပြန်လုပ်ဆောင်နေပြီး အာဏာတည်မြဲရေးအတွက်သာ လွှတ်တော်တွေအတွင်း အသီးသီး လုပ်ဆောင်နေတာသာ တွေ့မြင်နေရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး