Homeပြည်တွင်းသတင်းချင်းမိုင်က မြန်မာစားသောက်ဆိုင်ဈေးတန်းကို ထိုင်းရဲဝင်စစ်၊ ၆ ဦး ဖမ်းဆီးခံရ

ချင်းမိုင်က မြန်မာစားသောက်ဆိုင်ဈေးတန်းကို ထိုင်းရဲဝင်စစ်၊ ၆ ဦး ဖမ်းဆီးခံရ

၁၇ ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာစားသောက်ဆိုင်စျေးတန်းကို မနေ့က ဇူလိုင် ၁၆ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် ၃ ဦးနဲ့ အလုပ်သမား၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

အဲ့ဒီဆိုင်ဟာ ချင်းမိုင် မြို့ဟောင်းထဲက ချန်းဖူအာ(Chang Phueak) မြို့နယ်မှာဖွင့်လှစ်ထားတဲ့ မြန်မာအစား အစာအသောက်ဆိုင် တစ်ခုဖြစ်ပြီး၊ ဒေသခံထိုင်းနိုင်ငံသားတွေ သတင်းပေးပို့တိုင်ကြားတာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိက ကတော့ work permit လာစစ်ဆေးတာပါပဲ။ အလုပ်လုပ်ကိုင်ခွင့်ရှိပေမယ့် သူဌေးပြောင်းထားတဲ့ အလုပ်သမား ၃ ယောက်နဲ့ သူတို့ကို ခန့်ထားတဲ့ သူဌေး ၃ ယောက်ကို ရဲစခန်းမှာ စစ်ဆေးတာပေါ့။ အဲ့ဒီနောက်တော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ Work permit ကိစ္စအဓိက ပါပဲ။”လို့ ဆိုင်ရဲ့ တာဝန်ရှိသူက New Day Myanmar ကိုပြောပါတယ်။

အခုလို စစ်ဆေးခံရတဲ့ မြန်မာစားသောက်ဆိုင်တန်းကတော့ အခုလို ဖွင့်လှစ်မှုအပေါ် နားလည်မှုပေးတဲ့ ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ကြောင်းနဲ့ ထိုင်း ဥပဒေနဲ့ ယဉ်ကျေးမှုတွေကိုနားလည်အောင် ကြိုးစားနေကြောင်း ပြောကြားထားပါတယ်။

ဒီဈေးတန်းဟာ ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်လစ်ထားတဲ့ ဆိုင်ရှင်တွေနဲ့ နိုင်ငံခြားသားတွေ အလုပ်သမားတွေကို ခွင့်ပြုထားတာမဟုတ်တဲ့ အလုပ်ကို လုပ်ကိုင်တာကြောင့် စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ချင်းမိုင်ခရိုင်၊ ချန်းဖူအာ ရဲစခန်းကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Memories of Chiangmai

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး