အိုမန်နိုင်ငံ၊ ဆိုဟာမြို့မှာ မြန်မာအမျိုးသမီးတဦးက မြန်မာအလုပ်သမားအကျိုးဆောင်တဦးကိုဓားနဲ့ ထိုးသတ်ခဲ့တဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် မယုနန္ဒာ ဖြစ်ပြီး ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က ဖြစ်ပါတယ်။ မယုနန္ဒာဟာ အိုမန်နိုင်ငံ မြို့တော် ဆိုဟာမြို့မှာ မြန်မာအလုပ်သမားတွေအတွက် အိမ်ရှင်နဲ့အလုပ်သမားများအကြား ညှိနှိုင်းပေးတဲ့အကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်သူဖြစ်ပါတယ်။
အဆိုပါ လူသတ်မှုကို ကျူးလွန်တယ်လို့ ယူဆခံထားရတဲ့အမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့၊ သန်လျင်မြို့နယ်က ဖြစ်ပါတယ်။ သူဟာအိုမန်နိုင်ငံကို ရောက်ရှိတာ ရက်အနည်းငယ်ပဲရှိသေးတယ်လို့ သိရပါတယ်။
ကနဦးသတင်းအရ ကျူးလွန်တယ်လို့ ယူဆရသူ အိမ်အကူအမျိုးသမီးဟာ အိမ်ရှင်နဲ့မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီအတွက် ရုံးထိုင်အကျိုးဆောင် မယုနန္ဒာထံကို တိုင်ကြားခဲ့ပြီး မေးမြန်းညှိနှိုင်းမှုတွေ အတွင်း အပြန်အလှန်အမြင်ကွဲလွဲမှုကြောင့် လူသတ်မှုအထိဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်အပေါ် အိုမန်ရဲတပ်ဖွဲ့က တိုက်ရိုက် စုံစမ်းဆောင်ရွက်နေပြီး ဆော်ဒီအာရေဗျရှိ မြန်မာသံရုံးကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ပုံစာ – သတ်ဖြတ်ခံရသူ မယုနန္ဒာ


