၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲကို တက်ရောက်တာ ဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons၊ ဂါနာ လွှတ်တော်အမတ် Zanetor Agyeman-Rawlings၊ ပိုလန် လွှတ်တော်အမတ်Aleksandra Uznańska-Wiśniewska တို့နဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က “ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့နိုင်ငံတွေကြားမှာရှိနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးကို အားပေးမယ့် မဟာမိတ်တွေ၊ မိတ်ဆွေတွေ လိုအပ်တဲ့အတွက် ဒီနေ့ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်တာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသွားပါတယ်။ ကျားဖြန့်လုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် BGF တွေက အဓိကလုပ်ဆောင်နေတယ်လို့လည်း ထောက်ပြပြောဆိုသွားပြီး တရုတ်ဟာ အခုနောက်ပိုင်းမှာ မြန်မာပြည်တွင်းကအကျိုးစီးပွားတွေကြောင့် မြန်မာ့အရေးမှာ တက်ကြွစွာပါဝင်နေတယ်လို့လည်း ပြောဆိုသွားပါတယ်။
ဓာတ်ပုံ – NUG