Homeနိုင်ငံတကာသတင်းမဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ဘက်ခြမ်းကို ပြီးခဲ့တဲ့နှစ်ကတည်းက လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးပြော

မဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ဘက်ခြမ်းကို ပြီးခဲ့တဲ့နှစ်ကတည်းက လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးပြော

၂၅ ဇန်နဝါရီ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ မဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ ဘက်ခြမ်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လက စပြီး လျှပ်စစ်မီးဖြတ်တောက် ထားတယ်လို့ ထိုင်းကာ ကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝီချာရာချိုင်က ပြောဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ထိုင်းနဲ့ထိစပ်ရာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ KK Park (ကေကေပါ့ခ်) တို့မှာ တရားမဝင် အွန်လိုင်း လောင်းကစားမှုတွေနဲ့ ရာဇဝတ် လုပ်ငန်းတွေလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ကွန်ရက် ချိတ်ဆက်မှုတွေကို မြန်မာဖက်က ထောက်ပံ့ထားတာ မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေက ကူညီပေးနေတာလို့ ဖော်ပြပြောဆိုနေမှုအပေါ် အခုလိုထိုင်းဘက်က ငြင်းဆိုလိုက် တာလည်းဖြစ် ပါတယ်။

အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း အပြင် မြဝတီနယ်စပ်၊ မဲရမတ်နဲ့ မဲဆောက် ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ပစ်မှတ်ထားပြီး မီးဖြတ်တောက်ခဲ့တာလို့ ထိုင်းဘက်ကပြောဆိုထားပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်နားကို အင်တာနက် ဖြတ်တောက်မယ့် ကိစ္စအတွက်လည်း ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ညှိနှိုင်း စီစဉ်နေပြီး မကြာခင် အကောင်အထည်ဖော်သွားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောဆိုထားပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က ရာဇဝတ်မှုပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်း-မြန်မာ-တရုတ် ၃ နိုင်ငံပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေကိုလည်း တင်းကျပ်ဖို့လိုနေပြီလို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read