၁၈ ဇန်နဝါရီ ၊ ၂၀၂၅
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကိုလာမည့် ဖေဖော်ဝါရီလ ၆ ရက်မှာ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဆိုပါ ခြံအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမယ့်သူမရှိခြင်းကြောင့် ဦးအောင် ဆန်းဦးဘက်က ဈေးထပ်မံလျှော့ချပြီး လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။
ကမာရွတ်ခရိုင်တရားရုံးအနေနဲ့ ဦးအောင်းဆန်းဦးတင်ပြချက်ကို လက်ခံခဲ့ပြီး ဈေးလျှော့လေလံတင်ရန် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။
ပထမအကြိမ် လေလံပွဲတွင် လေလံပစ် ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ (သိန်းပေါင်း ၃ သန်းတိတိ) နှင့် လေလံပစ်ရန် တရားရုံးက ခွင့်ပြုခဲ့ပြီး ယင်းဈေးနဲ့ဒုတိယအကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
ထိုကဲ့သို့ ဝယ်ယူမည့်သူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်မှ ဈေးလျှော့၍ အကြိမ်ကြိမ်ရောင်းချရန် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။