Homeပြည်တွင်းသတင်းAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေကို လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်ပြောဆို

AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေကို လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်ပြောဆို

၁၅ ဒီဇင်ဘာ၊ ၂၀၂၄

အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေကို လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က AA ကို လက်နက်စွန့်ဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ AA တပ်တွေကို ရှုံးနိမ့်နေပြီး မကြာသေးခင်ကမှ မောင်တောမြို့က နခခ ၅ ကို AA တပ်တွေက တိုက်ခိုက်သိမ်းယူပြီး မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်လိုက်သလို အမ်းမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံရေးကို အကြောင်းပြပြီး ခေတ်အဆက်ဆက် တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး လုပ်ဆောင်ချက်တွေက ပိုပြီးဆိုးရွားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့တွေဟာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်ထောင်စုတည်ဆောက်ဖို့ထက် တသီးတခြား ရပ်တည်ချင်စိတ်ကိုသာ ရှေ့တန်းတင်နေတယ် ပြောဆိုလိုက်ပြီး လက်နက်စွန့်ဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းရှာဖွေဖို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

MNDAA က ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ မုံကိုး၊ လားရှိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း တို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။ TNLA က နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စတဲ့ မြို့ပေါင်း ၁၂ ခုကို သိမ်းပိုက်နိုင်ထားတာပါ။

AA က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ၊ ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားနိုင်ပြီး ဒီဇင်ဘာ (၈) ရက်က မောင်တောမြို့ နယ်ခြားစောင့်တပ် (နခခ-၅)ကို သိမ်းထားတဲ့အပြင် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်နေပါတယ်။

ပုံစာ – နခခ ၅ ကို သိမ်းပိုက်ပြီး ထုတ်ပြန်ထားသော သတင်းဓာတ်ပုံ

Photo – AA Infodesk

ဆက်စပ် သတင်းများ

Most read