၂၆ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တည်ထောင်တဲ့ ၃၆ နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လည်း တက်ရောက်ခဲ့တယ်လို့ ABSDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦး နဲ့ တပ်မတော်လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြပြီး စစ်မြေပြင်တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေကိုဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ၂၃နဲ့ ၂၄ရက်တွေမှာ ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နှဲ့ ဥရောပ တို့ကလည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် တွေ့ဆုံဆွေးနွေးပွဲကို ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့ကလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ ကူညီထောက်ပံ့သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင် တို့ တက်ရောက် ခဲ့ပါတယ်။ABSDF ရဲ့ ၃၆ နှစ်ပြည့်မှာ ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး စစ်အာဏာရှင်စနစ်ပပျောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပေါ်ထွန်းလာအောင် အရှိန်မြှင့်တင်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် NUG ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က ABSDF တည်ထောင်တာ ၃၆ နှစ် ပြည့်ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ တပ်ဖွဲ့ဝင် ၈၂၆ ဦးကျဆုံးပြီး ၄၃၅ ဦးဒဏ်ရာရခဲ့တယ်လို့ အစောပိုင်းကတည်းက ABSDF က ထုတ်ပြန်ကြေညာထားပါတယ်။
ABSDF တပ်ဖွဲ့တွေဟာ အညာဒေသဖြစ်တဲ့ မကွေးနဲ့ စစ်ကိုင်းအပါအဝင် ကရင်၊ ကချင်၊ မွန် နဲ့ ABSDF ထိန်းချုပ်ထားတဲ့ဒေသတကြောက ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ၊ NUG လက်အောက်ခံ PDF တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေပါတယ်။
ပုံစာ – ABSDF တွေ့ဆုံဆွေးနွေးပွဲကို အွန်လိုင်းက တက်ရောက်လာတဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်
Photo – ABSDF