၂၀ အောက်တိုဘာ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အီတလီ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Alessandra Schiavo အပါအဝင် အခြားအစိုးရတာ၀န်ရှိသူတို့ဟာ အီတလီနိုင်ငံ၊ ရောမမြို့ကနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ ရုံးခန်းမှာ အောက်တိုဘာလ ၁၈ ရက်မှာ တွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းက စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပခွင့်မရှိကြောင်းနဲ့ အခုရွေးကောက်ပွဲဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးလမ်းကြောင်းတွေနဲ့ သွေဖယ်နေကြောင်း ရှင်းပြပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့တိုးတက်လာမှုတဲ့အခြေအနေ၊ စစ်ကောင်စီရဲ့နယ်မြေဆုံးရှုံးရပြီး စိတ်ဓာတ်ယိုယွင်းပျက်စီးနေမှုအခြေအနေတွေကို အပြန်အလှန်ဆွေးနွေးကြပါတယ်။
အီတလီနိုင်ငံခြားရေးရာ တာ၀န်ရှိသူများ ဘက်ကလည်း အီတလီနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲတမ်း စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေပြီး လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နေကြောင်း၊ ပိုပြီး ထိရောက်စွာ အရေးယူဖို့ အီတလီနိုင်ငံအနေနဲ့ဖြစ်စေ ၊ ဥရောပသမဂ္ဂ အဖွဲ့၀င်နိုင်ငံတွေအနေနဲ့ ဖြစ်စေ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။
ဒီတွေ့ဆုံပွဲသို့ TALIA-BIRMANIA.INSIEME ရဲ့ General Secretary ဖြစ်သူ Mrs. Cecilia Brighi လည်း တက်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အဖွဲ့ဟာ အောက်တိုဘာလ ၁၈ ရက်မှာပဲ ရောမမြို့ လွှတ်တော်အဆောက်အဦး ဧည့်ခန်းမှာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino နဲ့တွေ့ဆုံခဲ့ပါတယ်။
Photo – NUG MOHR