Homeပြည်တွင်းသတင်းနိုင်ငံအတွက် တစ်လအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၂၀၀ ကျော် ကူညီခဲ့တယ်လို့ NUG ဆို

နိုင်ငံအတွက် တစ်လအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၂၀၀ ကျော် ကူညီခဲ့တယ်လို့ NUG ဆို

၁၂ အောက်တိုဘာ၊၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း အမှန်တကယ်အကူ အညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း တစ်ထောင့်နှစ်ရာကျော် (၁,၂၂၂ သန်း) ပံ့ပိုးခဲ့တယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန် အသိပေးထားပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြည်သူမှ ပြည်သူ အလှူငွေဖြစ်တဲ့ ဒီငွေတွေကို ပြည်နယ်နဲ့တိုင်းအလိုက် ရေဘေးသင့် စစ်ဘေးဒုက္ခသည် လူဦးရေ ခုနစ်သိန်း လေးသောင်းကျော် (၇၄၁,၆၀၄ ဦး) ကို ပံ့ပိုးနိုင်ခဲ့တာလို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ တစ်သိန်းကျော် (၁၀၁,၃၆၀ ဦး) အတွက် ကျပ် ၃၆၆ ဒဿမ ၁ သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ကျပ် ၇၂၁ ဒဿမ ၆ သန်း၊ အထွေထွေ လူသားချင်း စာနာမှုအကူအညီအဖြစ် ကျပ် ၆၆ ဒဿမ ၂ သန်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ထိတွေ့တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူနဲ့ ထိခိုက်ဒဏ်ရာရသူ တွေ အတွက် ကျပ် ၅၉ ဒဿမ ၅ သန်း၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်း စာနာမှုအကူ အညီ အဖြစ် ကျပ် ၅ ဒဿမ ၇ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် အရေးပေါ်လူသားချင်း စာနာမှုအကူ အညီအဖြစ် ကျပ် ၃ ဒဿမ ၁ သန်း အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

အကျပ်အတည်းတွေကြားက ကြံ့ကြံ့ခံပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်နဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူမိတယ်လို့လည်း NUG က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မြေပြိုတာ၊ ရေကြီးရေလျှံတာတွေ အဆိုးဆုံးဖြစ်ခဲ့ပြီး မြို့ပေါင်း ခုနစ်ဆယ် က လူဦးရေ တစ်သန်းကျော် ရေဘေးနဲ့ ကြုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Photo – MOD

ဆက်စပ် သတင်းများ

Most read