၂၆ ဇူလိုင်၊ ၂၀၂၄
မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ သေချာအနီးကပ်စောင့်ကြည့်နေပြီး တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံကို မထိခိုက်မိစေဖို့လည်း သတိထားဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇူလိုင်လ ၂၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး Reuters သတင်း ဌာနက မေးမြန်းမှုကို အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
စစ်ပွဲတွေကို တတ်နိုင်သမျှ အမြန်ဆုံးရပ်ဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းထားတယ်လို့ သူမက ဖြေဆိုပါတယ်။
အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့၊ တိုက်ပွဲအရှိန်မြင့်လာတာကို ရှောင်ကြဉ်ဖို့နဲ့ တရုတ်နယ် စပ်တွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်သူတွေ၊ မြန်မာပြည်တွင်းက တရုတ်စီမံချက်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိပါးအောင်မလုပ်ဖို့ တောင်းဆိုထားတယ်လို့ တဆက်တည်းပြောကြားသွား ပါတယ်။
မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို တရုတ်က ဆက်ပြီးဆွေးနွေးမှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အပစ်ရပ်ရေးကို ဆက်ထိန်းထားဖို့တရုတ်က ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းမှာ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီလို့ ကိုးကန့်တပ် MNDAA ကထုတ်ပြန်ကြေညာထား ပါတယ်။