Homeနိုင်ငံတကာသတင်းကျားဖြန့်လုပ်ငန်းတွေမှာ အတင်းခိုင်းစေခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လွတ်လာကြောင်း အိန္ဒိယသံရုံး ကြေညာ

ကျားဖြန့်လုပ်ငန်းတွေမှာ အတင်းခိုင်းစေခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လွတ်လာကြောင်း အိန္ဒိယသံရုံး ကြေညာ

၂၂ ဇူလိုင်၊ ၂၀၂၄

ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုမြို့ သစ်မှာ ပိတ်လှောင်ခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ဇူလိုင် ၂၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ ဒေလီမြို့မှာ မြဝတီမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို နေရပ်ကို မြန်မြန်ပြန်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ကယ်ဆယ်ရေးအစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး နေရပ်ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ စတင်နေပြီလို့ အိန္ဒိယသံရုံး က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်တဲ့ လွတ်မြောက်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ ပြန်လွတ် လာသူတွေထဲ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၂ ဦး ပါဝင်နေပါတယ်။

အိန္ဒိယနိုင်ငံသား ၁၁ ဦးဟာ ရွှေကုက္ကိုမြို့ထဲမှာ လိမ်လည်လှည့်ဖြားခံရပြီး ပိတ်မိနေခဲ့တာပါ။ မြဝတီမြို့နယ် က ရွှေကုက္ကိုမြို့သစ်ကို ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်တဲ့ KNA လို့ အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) က အလုံးစုံ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ အနီးတဝိုက်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို ၂၀၂၄ ခုနှစ်၊ မေ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာပေးဖို့ စောချစ်သူက သတိပေးစာ ထုတ်ထားပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှာ ကွန်ပျူတာ အခြေခံတတ်မြောက်ရင် အလုပ်ရမယ်ဆိုပြီး ဖျားယောင်းကာ မြဝတီဘက်က ကျားဖြန့်လုပ်ငန်းတွေမှာ ဖမ်းဆီးခိုင်းစေခံထားရတဲ့ အိန္ဒိယလူငယ် ၅၀ ဝန်းကျင်ကိုလည်း အိန္ဒိယအာဏာပိုင်တွေက ကယ်ခဲ့ရဖူးပါတယ်။

Photo – Embassy of India , yangon myanmar

ဆက်စပ် သတင်းများ

Most read