ဩဂုတ် ၂၁၊ ၂၀၂၆ | New Day Myanmar
အီရန်အပေါ် “သမိုင်းတလျှောက် အပြင်းထန်ဆုံး” စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent) က ပြောကြားလိုက်ပြီး အသေးစိတ်အစီအစဉ်တွေကို လာမယ့် တနင်္လာနေ့မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က အီရန်ကို စီးပွားရေးအရ ထောက်ပံ့ပေးနေတဲ့ ဘယ်နိုင်ငံမဆို ပြင်းထန်တဲ့ စီးပွားရေးအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပြီးနောက် ဘက်ဆင့်က အခုလို ပြောလာတာဖြစ်ပါတယ်။ အမေရိကန်က အီရန်အပေါ် စစ်ရေးပိတ်ဆို့မှုနဲ့ စီးပွားရေးဖိအားပေးမှုကို တွဲဖက်အသုံးပြုသွားမယ်လို့လည်း သူက ပြောပါတယ်။
ဘက်ဆင့်က အီရန်အပေါ် အမြင့်ဆုံးစီးပွားရေးဖိအားပေးတာဟာ ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှုအသစ်တွေ ပြန်လည်ဖြစ်ပွားဖို့ လိုအပ်ချက်ကို လျှော့ချနိုင်မယ်လို့ ပြောထားပါတယ်။ အခု ပိတ်ဆို့မှုတွေက အီရန်အစိုးရကို ပြိုလဲစေနိုင်မယ်လို့လည်း သူက CNBC ကို ပြောပါတယ်။
အမေရိကန်က အီရန်နဲ့ ကုန်သွယ်စီးပွားရေး ဆက်လုပ်နေတဲ့ နိုင်ငံတွေကိုပါ ဖိအားပေးနိုင်တဲ့အခြေအနေမှာ အဓိက အာရုံစိုက်ခံနေရတာက တရုတ်နိုင်ငံဖြစ်ပါတယ်။ Kpler ရဲ့ ၂၀၂၅ ခုနှစ် အချက်အလက်တွေအရ အီရန်က သင်္ဘောနဲ့ တင်ပို့တဲ့ ရေနံရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ဝယ်ယူနေပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ အီရန်ပြဿနာကို ပိတ်ဆို့အရေးယူမှုနဲ့ ဖိအားပေးတာတွေက ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက သက်ဆိုင်ရာဘက်တွေဟာ နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေကနေ ပြဿနာဖြေရှင်းဖို့ တာဝန်ယူဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
ဘက်ဆင့်ကတော့ ပင်လယ်ကွေ့ဒေသက စွမ်းအင်အပေါ် တရုတ်ရဲ့ မှီခိုမှုကို ထောက်ပြပြီး အီရန်အရေးမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ တရုတ်ကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ အီရန်နဲ့ စီးပွားရေးဆက်ဆံနေတဲ့ တရုတ်ကုမ္ပဏီ ဒါမှမဟုတ် ဘဏ်တွေကို အမေရိကန်က တိုက်ရိုက်ပိတ်ဆို့မလားဆိုတာကိုတော့ အသေးစိတ်မပြောသေးပါဘူး။
အီရန်ဘက်ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအရေးယူမှုတွေကို “စီးပွားရေးအကြမ်းဖက်မှု” လို့ သတ်မှတ်ထားပါတယ်။ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် အီရန်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်မယ့် ရပ်တည်ချက် ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အမေရိကန်ဟာ ထရမ့် ဒုတိယသမ္မတသက်တမ်း စတင်ချိန်ကစပြီး အီရန်နဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်၊ သင်္ဘောနဲ့ လေယာဉ် စုစုပေါင်း ၁,၀၀၀ ကျော်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပြီး အီရန်ရဲ့ ရေနံတင်ပို့ရေးကွန်ရက်၊ သင်္ဘောအာမခံလုပ်ငန်းတွေ၊ လက်နက်ရရှိရေးကွန်ရက်တွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းတွေကိုလည်း ဆက်တိုက်ပစ်မှတ်ထားနေပါတယ်။
အမေရိကန်ရဲ့ အခုထပ်မံတင်းကျပ်လာတဲ့ ဖိအားပေးမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဩဂုတ် ၂၀ ရက်မှာ ရေနံဈေးဟာ သုံးပတ်ကျော်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) က သင်္ဘောသွားလာမှုအပေါ် ဖိအားပေးနိုင်တာကြောင့် အရှေ့အလယ်ပိုင်း စွမ်းအင်တင်ပို့မှုအပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။
အမေရိကန်က အီရန်အပေါ် ချမှတ်မယ့် ပိတ်ဆို့အရေးယူမှုအသစ်တွေရဲ့ အတိအကျအသေးစိတ်ကိုတော့ ဘက်ဆင့်က လာမယ့် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

