ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
အမေရိကန်အစိုးရရဲ့ စုစုပေါင်းကြွေးမြီဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ဒေါ်လာ ၄၀ ထရီလျံကျော် ရောက်ရှိသွားပြီး ၂၀၁၇ ခုနှစ် ဒေါ်နယ် ထရမ့် ပထမဆုံးသမ္မတဖြစ်လာချိန်ကထက် နှစ်ဆကျော် တိုးလာတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်တွေကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။
ဩဂုတ် ၁၈ ရက်အထိ အမေရိကန်အစိုးရရဲ့ စုစုပေါင်းကြွေးမြီဟာ ဒေါ်လာ ၄၀.၀၄၇ ထရီလျံ ရှိပြီး အဲဒီထဲမှာ အများပြည်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကိုင်ထားတဲ့ Treasury ကြွေးမြီ ဒေါ်လာ ၃၂.၂၆၆ ထရီလျံနဲ့ အစိုးရအဖွဲ့အစည်းအချင်းချင်း ကိုင်ထားတဲ့ ကြွေးမြီ ဒေါ်လာ ၇.၇၈၂ ထရီလျံ ပါဝင်ပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ ထရမ့် ပထမဆုံး သမ္မတတာဝန်ယူချိန် အမေရိကန်ကြွေးမြီဟာ ဒေါ်လာ ၁၉.၉၅ ထရီလျံ ရှိခဲ့တာကြောင့် ဆယ်နှစ်မပြည့်ခင်မှာပဲ နှစ်ဆကျော် တိုးလာတာ ဖြစ်ပါတယ်။ ဒီတိုးလာမှုရဲ့ သုံးပုံတစ်ပုံခန့်ဟာ COVID-19 ကပ်ရောဂါကာလအတွင်း ထရမ့်နဲ့ ဂျိုးဘိုင်ဒင်အစိုးရတို့ရဲ့ အရေးပေါ်အသုံးစရိတ်တွေကြောင့် ဖြစ်ပြီး ကျန်တိုးလာမှုမှာ အခွန်လျှော့မှု၊ လူမှုဖူလုံရေးအသုံးစရိတ်နဲ့ ကာလရှည် ဘတ်ဂျက်လိုငွေတွေ ပါဝင်ပါတယ်။
ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း အမေရိကန်ကြွေးမြီ ဒေါ်လာ ၇.၈ ထရီလျံ တိုးခဲ့ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ COVID-19 ကပ်ရောဂါနောက်ဆုံး ၉ လအတွင်း တိုးလာတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ ထရမ့် ဒုတိယအကြိမ် သမ္မတတာဝန်ယူပြီးနောက်မှာလည်း နောက်ထပ် ဒေါ်လာ ၃.၈ ထရီလျံ တိုးလာတာကြောင့် ထရမ့်ရဲ့ သမ္မတသက်တမ်းနှစ်ကြိမ်အတွင်း စုစုပေါင်း ကြွေးမြီ ဒေါ်လာ ၁၁.၆ ထရီလျံ တိုးလာပါတယ်။
ဘိုင်ဒင်ရဲ့ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် သမ္မတသက်တမ်းအတွင်းမှာတော့ အမေရိကန်ကြွေးမြီ ဒေါ်လာ ၈.၄ ထရီလျံ တိုးလာခဲ့ပါတယ်။ COVID-19 နောက်ဆက်တွဲစီးပွားရေးကယ်တင်ရေး အသုံးစရိတ်တွေအပြင် အခြေခံအဆောက်အအုံ၊ သန့်ရှင်းစွမ်းအင် ထောက်ပံ့ကြေးတွေနဲ့ တခြားမူဝါဒအသုံးစရိတ်တွေကြောင့်လည်း ကြွေးမြီတိုးခဲ့တယ်လို့ Reuters က ဆိုပါတယ်။
အမေရိကန်ကြွေးမြီဟာ ဒေါ်လာ ၃၉ ထရီလျံကနေ ၄၀ ထရီလျံရောက်ဖို့ ငါးလတောင် မကြာခဲ့ဘဲ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လေးဆနီးပါး တိုးလာပါတယ်။ အမေရိကန်ဟာ ၁၉၈၁ ခုနှစ်အထိ ကြွေးမြီ ဒေါ်လာ ၁ ထရီလျံရောက်ဖို့ အချိန်ယူခဲ့ရပေမယ့် အခုနောက်ပိုင်းမှာ ကြွေးမြီတိုးနှုန်း သိသိသာသာ မြန်လာတာ ဖြစ်ပါတယ်။
ကြွေးမြီပမာဏ ကြီးလာတာနဲ့အမျှ အတိုးပေးရတဲ့ ကုန်ကျစရိတ်လည်း မြင့်လာပြီး လက်ရှိ အမေရိကန်အစိုးရက တစ်နှစ်ကို ဒေါ်လာ ၁.၁ ထရီလျံခန့် ကြွေးမြီအတိုးပေးနေရပါတယ်။ ၂၀၂၅ ဘဏ္ဍာနှစ်မှာ ကြွေးမြီအတိုးပေးချေမှုက ပင်တဂွန်ကာကွယ်ရေးဘတ်ဂျက်ကို ပထမဆုံး ကျော်လွန်ခဲ့ပြီး ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၁၀ လမှာတော့ Medicare အသုံးစရိတ်ကိုပါ ကျော်ကာ Social Security ပြီးရင် အစိုးရအသုံးစရိတ်အကြီးဆုံး ဒုတိယနေရာ ရောက်လာပါတယ်။
ဒါ့အပြင် ဇူလိုင်လတစ်လတည်း အမေရိကန်အစိုးရ ဘတ်ဂျက်လိုငွေဟာ ဒေါ်လာ ၄၃၂ ဘီလျံ ရှိခဲ့ပြီး အမေရိကန်သမိုင်းမှာ တစ်လစာလိုငွေအများဆုံး စာရင်းထဲ စတုတ္ထနေရာ ရောက်ပါတယ်။ ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၁၀ လရဲ့ လိုငွေဟာလည်း ၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်လုံး လိုငွေထက် ကျော်သွားပြီဖြစ်ပါတယ်။
ကြွေးမြီတိုးလာတာနဲ့အတူ အမေရိကန်အစိုးရငွေချေးစာချုပ်တွေကို ရင်းနှီးမြှုပ်နှံသူတွေက အတိုးပိုတောင်းလာပြီး နှစ် ၃၀ သက်တမ်း Treasury bond အတိုးနှုန်းဟာ မကြာသေးခင်က နှစ် ၂၀ နီးပါးအတွင်း အမြင့်ဆုံးအဆင့် ရောက်ခဲ့ပါတယ်။ ဒီလို ရေရှည်ဘွန်းအတိုးနှုန်းမြင့်လာတာက အိမ်ချေးငွေ၊ ကားချေးငွေနဲ့ စီးပွားရေးချေးငွေအတိုးနှုန်းတွေကိုပါ မြင့်တက်စေနိုင်ပါတယ်။
ဒီဖိအားကို လျှော့ချဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က နှစ် ၁၀ ကနေ ၃၀ သက်တမ်း Treasury bonds တွေကို ပြန်ဝယ်ယူတဲ့ ပမာဏကို တစ်ကြိမ်လျှင် ဒေါ်လာ ၂ ဘီလျံကနေ အနည်းဆုံး ၄ ဘီလျံအထိ နှစ်ဆတိုးမယ်လို့ ဩဂုတ် ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စျေးကွက်ကျွမ်းကျင်သူတွေက ဒီလုပ်ဆောင်ချက်ဟာ လက်ရှိဘွန်းဈေးကွက်ဖိအားကို ယာယီလျှော့ချပေးနိုင်ပေမယ့် ကြွေးမြီနဲ့ ဘတ်ဂျက်လိုငွေပြဿနာရဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။
ထရမ့်ကတော့ အမေရိကန်ကြွေးမြီနဲ့ ဘွန်းဈေးကွက်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ စိုးရိမ်သင့်သလားဆိုတဲ့ မေးခွန်းကို စိုးရိမ်စရာမရှိဘူးလို့ ပြောပြီး အမေရိကန်စီးပွားရေး အားကောင်းတဲ့အတွက် အတိုးနှုန်းတွေ လျှော့သင့်တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ဘတ်ဂျက်စောင့်ကြည့်ရေးအဖွဲ့တွေကတော့ အခွန်တိုးတာ၊ အသုံးစရိတ်လျှော့တာ ဒါမှမဟုတ် နှစ်မျိုးစလုံး မလုပ်ဘဲ လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားရင် အမေရိကန်မှာ အကြွေးအကျပ်အတည်း ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

