Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံတောင်းဆိုချက် စစ်အုပ်စုငြင်းပယ်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံတောင်းဆိုချက် စစ်အုပ်စုငြင်းပယ်

ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုခဲ့တာကို စစ်အုပ်စုဘက်က ငြင်းပယ်လိုက်ပြီး လွတ်မြောက်ရေးကိစ္စကို မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းသာ ဆောင်ရွက်မယ်လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက် ညပိုင်း ထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လူသားချင်းစာနာမှုအရ လျှော့ချပေးထားပြီးဖြစ်ပေမယ့် “အပြည့်အဝနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေး” ကိုတော့ တည်ဆဲဥပဒေနဲ့အညီသာ ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကတော့ ဩဂုတ် ၃ ရက်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တာကို ကြိုဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်တွေ့ဆုံခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ၊ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြီးခဲ့တဲ့အပတ် ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုဟာ ငါးနှစ်အတွင်း နိုင်ငံတကာလွတ်လပ်တဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတစ်ခုနဲ့ ပထမဆုံး သိရှိရတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လက်ရှိ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Maria Theresa Lazaro နဲ့တော့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပေမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး စင်ကာပူက အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာတော့ မြန်မာ့အရေး အထူးကိုယ်စားလှယ် ဆက်လက်ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ပြောပါတယ်။

စစ်အုပ်စုဘက်က လက်ရှိအစိုးရဟာ “ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ” ကနေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နိုင်ငံတော်တာဝန်ကို တရားဝင် ထမ်းဆောင်နေပြီလို့ အကြောင်းပြထားပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ ဝေဖန်သူတွေက စစ်တပ်ရဲ့ အာဏာကို တရားဝင်ပုံဖော်ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲအဖြစ် ပယ်ချထားကြပါတယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ် ဧပြီလက မြန်မာ့အရေးအတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲ၊ အထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးတို့ကို သတ်မှတ်ထားပါတယ်။ ဒါပေမယ့် စစ်အုပ်စုက အကောင်အထည်ဖော်မှု မရှိသလောက်ဖြစ်တာကြောင့် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

မင်းအောင်လှိုင်ကတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးလကျော်အကြာ မိန့်ခွန်းတစ်ခုမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဝေဖန်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတချို့က မြန်မာအပေါ် ခွဲခြားဆက်ဆံနေတယ်လို့ စွပ်စွဲကာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကိစ္စရပ်အလိုက်သာ ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

Related News

Most Read