Homeအထူးသတင်းထိုင်းနိုင်ငံက ကျောင်းတကျောင်းမှာ ကျောင်းသားတဦး သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပြီးသေဆုံးသူတွေရှိ

ထိုင်းနိုင်ငံက ကျောင်းတကျောင်းမှာ ကျောင်းသားတဦး သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပြီးသေဆုံးသူတွေရှိ

ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ဘက် နွန်ထဘူရီ (Nonthaburi) ပြည်နယ်၊ ဘန်ခရူဝိုင် (Bang Kruai) မြို့နယ်ရှိ Debsirin Nonthaburi ကျောင်းမှာ ဒီနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းက ကျောင်းသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်မှုကျူးလွန်သူဟာ အဆိုပါကျောင်းက ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပေမယ့် လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက်ကို တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ Plai Bang နယ်မြေရဲစခန်းတာဝန်ရှိသူ ဒုတိယရဲမှူးကြီး Pasakorn Chaitawiwong က Reuters ကို ပြောပါတယ်။

အစောပိုင်း ဒေသတွင်းသတင်းတွေမှာ လူအများအပြား ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူတွေလည်းရှိတယ်လို့ ဖော်ပြနေပေမယ့် အတိအကျအရေအတွက်ကို အာဏာပိုင်တွေက မထုတ်ပြန်သေးတာကြောင့် New Day Myanmar အနေနဲ့ ဆက်လက်စိစစ်နေပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကျောင်းကို အမြန်ရောက်ရှိလာခဲ့ပြီး ကျောင်းသားတွေကို ကျောင်းဝင်းအတွင်းကနေ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မျှဝေထားတဲ့ ဓာတ်ပုံတွေမှာ ကျောင်းသားတွေ ကျောင်းဝင်းကနေ အလျင်အမြန် ထွက်ခွာနေကြတာ၊ လူနာတင်ယာဉ်တွေ ရောက်ရှိနေပြီး ဒဏ်ရာရသူတစ်ဦးကို ထမ်းစင်ပေါ် တင်ထားတာနဲ့ ဆေးဝန်ထမ်းတွေက ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ မြင်ကွင်းတွေ တွေ့ရတယ်လို့ Reuters က ဖော်ပြပါတယ်။

လက်ရှိအချိန်အထိ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်း၊ ကျူးလွန်သူရဲ့ ရည်ရွယ်ချက်၊ သေဆုံးဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ထိုင်းအာဏာပိုင်တွေက မထုတ်ပြန်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Related News

Most Read