Homeပြည်တွင်းသတင်းအနုတင်နဲ့ မင်းအောင်လှိုင် မျက်နှာဖုံးတပ်ပြီး ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြ

အနုတင်နဲ့ မင်းအောင်လှိုင် မျက်နှာဖုံးတပ်ပြီး ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြ

ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ် ၆ ရက် ညနေပိုင်းမှာ ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ရုံးရှေ့မှာ သင်္ကေတဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲအတွင်း ပါဝင်သူနှစ်ဦးက ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ မျက်နှာပုံစံ မျက်နှာဖုံးတွေ တပ်ဆင်ပြီး ကိတ်မုန့်ကို အတူမှုတ်ကာ ခွဲဝေစားသောက်တဲ့ သရုပ်ဖော်မှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီသရုပ်ဖော်မှုဟာ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက သတ္တုတူးဖော်ရေးနဲ့ သဘာဝရင်းမြစ်တွေက ရရှိတဲ့ အကျိုးအမြတ်တွေကို အချင်းချင်း ခွဲဝေရယူနေချိန်မှာ နယ်စပ်ဒေသက ပြည်သူတွေဟာ ရေညစ်ညမ်းမှုနဲ့ စစ်ဘေးဒုက္ခတွေကို ခံစားနေရတာကို ရည်ညွှန်းတယ်လို့ ဆန္ဒပြသူတွေက ရှင်းပြပါတယ်။

လှုပ်ရှားသူတွေက “သတ္တုကိုစားပြီး ရေကိုသောက်ကြတယ်” ဆိုတဲ့ စာသားနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ တရားဝင်ခရီးစဉ်ဟာ လူသားချင်းစာနာမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုထားတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြစ်ဖျားခံဒေသတွေမှာ အကြီးစားသတ္တုတူးဖော်မှုတွေကြောင့် ကို့ခ်၊ စိုင်း၊ ရွက်နဲ့ မဲခေါင်မြစ်တွေမှာ အာဆင်းနစ်နဲ့ တခြားအဆိပ်သင့်သတ္တုဓာတ်တွေ တွေ့ရှိနေရပြီး ထိုင်းနိုင်ငံဘက်က စိုက်ပျိုးရေး၊ သောက်သုံးရေနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်နေတယ်လို့ ထိုင်းသဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ပြောထားပါတယ်။

ဒါ့အပြင် ထိုင်းကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဆက်ဆံမှုတွေဟာ ပြည်သူတွေအပေါ် စစ်ဆင်ရေးဆက်လုပ်နိုင်ဖို့ စစ်အုပ်စုအတွက် အသက်သွေးကြောတစ်ခုလို ဖြစ်နေတယ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

“ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်သလို မြန်မာနိုင်ငံအခြေအနေကြောင့် ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အကျိုးကို ထည့်မတွက်ဘဲ အာဏာရှိသူတွေ အကျိုးအမြတ်ခွဲဝေယူတဲ့ တွေ့ဆုံမှုသာ ဖြစ်ပါတယ်” လို့ ဆန္ဒပြပွဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိတ်မုန့်စားသောက်တဲ့ သင်္ကေတလှုပ်ရှားမှုဟာ နှစ်နိုင်ငံခေါင်းဆောင်တွေက စစ်ဘေးသင့်ပြည်သူတွေ၊ ဒုက္ခသည်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ အကျိုးအမြတ်ကိုသာ ရယူနေတယ်ဆိုတဲ့ သဘောထားကို ဖော်ပြတာလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေရဲ့ နေရာတစ်ဝိုက်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ချိတ်ဆွဲပြသထားပါတယ်။

ဆန္ဒပြပွဲအပြီးမှာ “ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆို” ဆိုတဲ့ စာသားပါ အဝတ်စဆိုင်းဘုတ်ကို ရုံးရှေ့မှာ ချိတ်ဆွဲခဲ့ကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ အစိုးရရုံးဝင်းအတွင်း ဝင်ရောက်ခွင့်မပြုဘဲ အတားအဆီးတွေ ချထားခဲ့ပြီး သတ်မှတ်ထားတဲ့ လူထုစုဝေးဆန္ဒပြနယ်မြေက အစိုးရရုံးနဲ့ မီတာ ၅၀ အကွာအဝေးရှိရမယ်လို့ သတိပေးခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဩဂုတ် ၆ ရက်ကနေ ၇ ရက်အထိ ထိုင်းနိုင်ငံခရီးစဉ်ဟာ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ပေးအပ်ရာရောက်တယ်ဆိုပြီး ထိုင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

Related News

Most Read