ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်နိုင်ငံနဲ့ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က ဒီနေ့ ဩဂုတ် ၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဒီတောင်းဆိုချက်တွေဟာ ဩဂုတ် ၃ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ အာဆီယံဥက္ကဋ္ဌတို့က ICRC ရဲ့ အခုတွေ့ဆုံမှုကို ကြိုဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးခံထားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့် ရရှိလာဖို့ မျှော်လင့်ကြောင်း သီးခြားထုတ်ပြန်ထားပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီ ဝင်ရောက်တွေ့ဆုံခွင့်ကို ထပ်မံတိုးချဲ့ပေးဖို့ တိုက်တွန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးအပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်” လို့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ICRC ရဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဆီ ပုံမှန်လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဆီ ပိုမိုဝင်ရောက်နိုင်ရေးအတွက် အစပြုမှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို “ချက်ချင်းနဲ့ ခြွင်းချက်မရှိ” လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
အာဆီယံဥက္ကဋ္ဌကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ထပ်မံအတည်ပြုထားပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရှိဖို့လည်း မျှော်လင့်ကြောင်း ဆိုပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။

