Homeပြည်တွင်းသတင်း၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ၈ လေးလုံးထီးသပိတ် ပြုလုပ်

၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ၈ လေးလုံးထီးသပိတ် ပြုလုပ်

ဩဂုတ် ၈၊ ၂၀၂၆ | New Day Myanmar

၃၈ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီနေ့ ဩဂုတ် ၈ ရက် မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာစစ်သံရုံးရှေ့မှာ ၈လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က မြန်မာပြည်သူတွေနဲ့အတူ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုအတွင်း ၈၈၈၈ အရေးတော်ပုံကို ကိုယ်စားပြုတဲ့ “၈” သင်္ကေတတွေနဲ့ အနီရောင်ထီးတွေကို အသုံးပြုပြီး ၁၉၈၈ ခုနှစ်က ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး စိတ်ဓာတ်ဟာ ၃၈ နှစ်ကြာပြီးနောက် ဒီနေ့အထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

“အကြောက်တရားမှ လွတ်မြောက်ရာဆီသို့”၊ “မပြီးဆုံးသေးတဲ့ ၈လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” နဲ့ “ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်” ဆိုတဲ့ စာသားတွေကိုလည်း လှုပ်ရှားမှုအတွင်း အသုံးပြုခဲ့ကြပါတယ်။

ရန်ကုန်လူထုသပိတ်ကတော့ ၈၈၈၈ အရေးတော်ပုံအတွင်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် အသက်ပေးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အပြင် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်အားပေးသွားမယ့် သဘောထားကို ဒီလှုပ်ရှားမှုကတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။

Related News

Most Read