၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံ ဒေသအများစုမှာ ကြက်ဥ၊ ဘဲဥ၊ ကြက်သားနဲ့ ဝက်သား ဖူလုံမှုမရှိဘဲ ထုတ်လုပ်မှုနဲ့ စားသုံးမှုကြား ကွာဟချက်ကြီးမားနေတယ်လို့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၃၁ ရက်မှာ ပြောကြားခဲ့တဲ့ စစ်အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၂ ဒသမ ၄ သန်းနဲ့ နှိုင်းယှဉ်ရင် ဥစားကြက်နဲ့ ဥစားဘဲ မွေးမြူထုတ်လုပ်မှုဟာ ဈေးကွက်လိုအပ်ချက် ပြည့်မီဖို့ အများကြီးလိုအပ်နေသေးတယ်လို့ မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။
ထုတ်လုပ်မှုနဲ့ စားသုံးမှုကြား ကွာဟချက်ကြီးမားနေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေရတာဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။
တခြားအသားနဲ့ ငါး ထုတ်လုပ်မှုကလည်း နေ့စဉ်စားသုံးမှုပမာဏနဲ့ နှိုင်းယှဉ်ရင် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ မွေးမြူရေးအစာအတွက် ပြည်ပက တင်သွင်းမှုလျှော့ချပြီး ပြည်တွင်းမှာ စိုက်ပျိုးနိုင်တဲ့ ပြောင်းနဲ့ ဆန်ကွဲတွေကို ပိုမိုထုတ်လုပ်ဖို့လည်း မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လက်ရှိ ရန်ကုန်လက်လီဈေးကွက်မှာ ကြက်ဥအရွယ်အစားပေါ်မူတည်ပြီး တလုံးကို ၆၅၀ ကျပ်ကနေ ၇၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြက်ဥအဝင်နည်းလာပြီး တလုံး ၆၅၀ ကျပ်ကနေ ၆၈၀ ကျပ်အထိ ရောင်းချခဲ့ရာက လက်ရှိမှာ ၇၀၀ ကျပ်အထိ ထပ်မံမြင့်တက်လာတာပါ။
“အဓိကက ကြက်စာဈေးတွေတက်လာတာလည်းပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့်လည်းပါတယ်။ ကြက်ဥက အကြီးနဲ့ အသေး နှစ်မျိုးရှိတယ်။ အသေးက ၆၅၀၊ အကြီးက ၇၀၀ ပေါ့။ ၆၅၀ တန်က သေးတာကြောင့် ၇၀၀ တန်ပဲ ဝယ်ကြတာများတယ်” လို့ ရန်ကုန်က ကြက်ဥလက်လီရောင်းချသူတဦးက New Day Myanmar ကို ပြောပါတယ်။
အာဏာမသိမ်းခင်က ငွေကျပ် ၁,၀၀၀ နဲ့ ကြက်ဥ ၁၀ လုံးကနေ အရွယ်အစားပေါ်မူတည်ပြီး ၁၃ လုံးအထိ ဝယ်ယူနိုင်ခဲ့ပေမယ့် လက်ရှိမှာ ကြက်ဥတလုံးတည်းကို ၇၀၀ ကျပ်အထိ ပေးဝယ်နေရတာဖြစ်ပါတယ်။
ကြက်ဥဈေးမြင့်တက်မှုနဲ့ပတ်သက်ပြီး New Day Myanmar က ကြက်ဥ၊ ဘဲဥနဲ့ ငုံးဥ လက်ကားဖြန့်ချိတဲ့ ဒိုင်သုံးခုခန့်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ကြပါတယ်။
ကြက်စာနဲ့ တိရစ္ဆာန်ကာကွယ်ဆေးတွေ ဈေးမြင့်တက်ပြီး လုံလောက်စွာဝယ်ယူလို့မရတာကြောင့် မွေးမြူရေးခြံတွေက ကြက်အရေအတွက် လျှော့ချလာသလို သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့်လည်း ဈေးကွက်ထဲ ကြက်ဥဝင်ရောက်မှု နည်းလာတယ်လို့ မွေးမြူရေးလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကြက်ဥတွေကို နယ်ဈေးကွက်တွေဆီ မဖြန့်ဖြူးနိုင်ဘဲ လက်ကားဒိုင်တွေမှာ ပုံနေခဲ့တယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ကြက်ဥဒိုင်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီက ဖော်ပြထားပါတယ်။
ကရင်နီပြည်မှာလည်း အာဏာမသိမ်းခင်က ကြက်မွေးမြူရေးလုပ်ကိုင်ခဲ့သူ အများစုဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတာ၊ ကြက်စာဈေးမြင့်တက်တာ၊ ရေနဲ့လျှပ်စစ်မရတာနဲ့ နေရာအတည်တကျ နေထိုင်လို့မရတာတွေကြောင့် မွေးမြူရေးလုပ်ငန်းကို ဆက်မလုပ်နိုင်တော့ဘူးလို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
တဖက်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ၊ တောင်သူတွေကို ဖမ်းဆီးရိုက်နှက်မှုတွေကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို နေရာအတည်တကျ လုပ်ကိုင်ဖို့ ခက်ခဲနေတယ်လို့ ကရင်နီဒေသခံတောင်သူတွေက ပြောပါတယ်။


